ရန်ကုန်၊ ဘောလုံး
ယခုနှစ် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် ဖူဆယ်လက်ရွေးစင်အသင်းများသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်လေ့ကျင့်ခွင့်ရဖွယ်ရှိကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ သိရသည်။
မူလက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဖူဆယ်အသင်းများသည် နှစ်ဆန်းပိုင်းတွင် စတင်စခန်း သွင်းလေ့ကျင့်ရန် စီစဉ်ထားသော်လည်း ဇန်နဝါရီ နောက်ဆုံးပတ်အထိ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိသဖြင့် လေ့ကျင့်မှု စတင်ရန် ကြန့်ကြာနေခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းနှင့် ဖူဆယ်အသင်းများ စခန်းသွင်းလေ့ကျင့်မည့် ဟိုတယ်များသို့ လာရောက် စစ်ဆေးပြီးဖြစ်သည့်အတွက် အမြန်ဆုံး လေ့ကျင့်ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း MFF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ဖူဆယ်အသင်းတွေကို စခန်းသွင်းလေ့ကျင့်ဖို့ စီစဉ်ထားတဲ့ ဟိုတယ်တွေကို ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကျန်းမာ ရေးလမ်းညွှန်ချက်နဲ့ ညီ၊ မညီ လာရောက် စစ်ဆေးပါတယ်။ ကစားသမားတွေကို ထားရှိမယ့်ဟိုတယ်အားလုံး ကျန်းမာရေး လမ်းညွှန်ချက်ကိုက်ညီမှုရှိ ကြောင်းလည်း ပြောသွားပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ လဆန်းပိုင်းလောက်မှာ လေ့ကျင့်ခွင့်ရဖို့ မျှော်မှန်းထားပါတယ်” ဟု ၎င်းကပြော သည်။
သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက စခန်းသွင်းလေ့ကျင့်မှုစတင်မည်ဖြစ်ပြီး အသင်းများ၌ ပါဝင် သည့်နည်းပြ နှင့် ကစားသမားအားလုံးကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုလက်ကျန် ပွဲစဉ်များကို မတ်လနှင့် ဇွန်လအတွင်း ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယူ-၂၂ အမျိုးသား အသင်း၊ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်း၊ လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းတို့သည် ယခုနှစ်အတွင်း ဆီးဂိမ်း၊ အာဆီယံနှင့် အာရှအဆင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ