ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁
     
ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတစ်ပင် ကျေးရွာ၊ မဟာသုဝဏ္ဏဘုမ္မိကျောင်းတိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မြို့နယ်စုစုပေါင်း ၄ မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက် စုစုပေါင်း ၄ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင် များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဘောလခဲမြို့တို့၌ တပ်မတော်မှဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
    
၎င်းအပြင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာမဂ္ဂင်ဓမ္မရိပ်သာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် အဆိုပါဓမ္မရိပ်သာရှိ အမှတ်(၂၃)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆန်၊ ဆီ၊ ပဲ၊ နို့ဆီ၊ စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စာရေးကိရိယာများ၊ ကျောင်းတိုက်တွင် ရေလုံလောက်စွာသုံးစွဲနိုင်ရေးအတွက် သုံးရေ ၂၄၀၀ ဂါလန်နှင့် နဝကမ္မအလှူငွေများကို  ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။