ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်နှင့် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်တို့ရှိ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများနှင့် Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၃၁
    
Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စာရေးအဆင်ပြေ စေရန်အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ကြက်ဥ၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်း လျက်ရှိသည်။
    
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စု ၅၀ စုအတွက် ဆန်နှင့် ကြက်ဥများကို အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်သည်။
    
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ်(၉)ရှိ အိမ်ထောင်စု ၃၀၀ စု အတွက် ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။