လီဗာပူးအသင်းသည် ဇန်နဝါရီ ၃၁ ရက်ညက ကစားသည့် ဝက်စ်ဟမ်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဆာလက်ချ် နှစ်ဂိုးသွင်းပြီး ဝစ်ချ်နယ်လ်ဒန် တစ်ဂိုးသွင်းသဖြင့် ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ လီဗာပူးနည်းပြကလော့က အသင်းအတွင်း အကောင်းဆုံးစကားများကို အသင်းအစုအဖွဲ့အား ပြောဆိုနိုင်ခဲ့၍ လမ်းကြောင်းမှန်ပေါ် ပြန်ရောက် လာနိုင်ခြင်း ဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
လီဗာပူးအသင်းသည် ယခုတစ်ပတ်အတွင်း စပါးနှင့် ဝက်စ်ဟမ်းတို့ကို နှစ်ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်ကာ ထိုမတိုင်မီ ပရီးမီးယားလိဂ်၌ ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။ ယခုနှစ်ပွဲ ဆက်တိုက် အနိုင်ရသော်လည်း လီဗာပူးသည် ဇယားထိပ်ဆုံးမှ မန်စီးတီးကို လိုက်မီရန် လေးမှတ် လိုနေသေးသည်။
ဝက်စ်ဟမ်းနှင့်ပွဲအပြီးတွင် ကလော့က အသင်းက အံ့မခန်းဂိုးတွေ သွင်းနိုင်ခဲ့တယ်။ သုံးဂိုးစလုံးက မယုံနိုင်စရာ ကောင်းလောက်အောင် ကောင်းခဲ့တယ်။ ဒါကြောင့် ပျော်ရွှင်ရတယ်။ စပါးနဲ့ပွဲမတိုင်မီ ငါးပွဲနိုင်ပွဲ ပျောက်ပြီး လေးပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘူး။ အခုတော့ ကျွန်တော်တို့အသင်းက ပြိုင်ဘက်တွေကို စိတ်မသက်မသာ ဖြစ်စေအောင် ပြန်စွမ်းဆောင် နိုင်တဲ့အသင်း ဖြစ်လာပါတယ်။
ဘာတွေပြောင်းလဲရမယ်ဆိုတာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ကျွန်တော်တို့ မှန်ကန်တဲ့စကားတွေကို ပြောဆိုနိုင်ခဲ့လို့ ဒီလိုအသင်းက စိတ်ဓာတ်တွေ ပြန်ကောင်းလာတာ ဖြစ်မှာပါ။
ကျွန်တော့်ကစားသမားတွေက အဖွဲ့လိုက်ကစားပုံ ကောင်းကြတဲ့သူတွေပါ။ နိုင်ပွဲတွေပျောက်တော့ သူတို့အားလုံး မပျော်မရွှင် ဖြစ်ကြရတယ်။ သူတို့အတွက် မှန်ကန်တဲ့ သတင်းအချက်အလက်တွေ လိုအပ်တယ်။ ဒါကို ကျွန်တော်တို့ နည်းပြအဖွဲ့တွေက ပြောပေးနိုင်ခဲ့တယ်ဟု ပြောသည်။
ဝက်စ်ဟမ်းနှင့်ပွဲတွင် နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ယခု ရာသီ ၂၁ ဂိုးမြောက်ဂိုးကို သွင်းနိုင်ခဲ့သည့် တိုက် စစ်မှူးဆာလက်ချ် သည်လည်း ၁၉၈၀ ပြည့်လွန်နှစ်များက အီယန်ရှက်ရှ်ပြီးနောက် အသင်းအတွက် လေးရာသီဆက်တိုက် ရာသီတိုင်း ဂိုး ၂၀ နှင့် အထက်သွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမားဖြစ်လာသည်။ ဆာလက်ချ်က မိမိတို့ရရှိထားသော ချန်ပီယံဆုဖလားကို ဆက်လက်ထိန်းနိုင်ရန်မှာ လက်ကျန်ပွဲအားလုံး အနိုင်ကစားနိုင်မှ ဖြစ်မည်ဖြစ်ကြောင်းနှင့် ယခုရာသီ မိမိထင်သလောက်ဂိုးမသွင်းနိုင်ခြင်းမှာ VAR စနစ်ကြောင့် ဖြစ်သည်ဟုလည်း ဝေဖန်ခဲ့သည်။
Ref:Dailymail