ဘရိုက်တန်ကို ရှုံးပြီးနောက် နှစ်ပွဲဆက်အရှုံးအတွက် မိမိအသင်းသည် ဝမ်းနည်းမှုများ ရှိနေသည့် အသင်းဟု မော်ရင်ဟိုပြော

စပါးအသင်းသည် ဇန်နဝါရီ ၃၁ ရက်ညက ယှဉ်ပြိုင်ကစားသည့် ဘရိုက်တန်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပထမပိုင်းတွင် လီယန်ဒရိုထရော့ဆတ် သွင်းယူသည့် တစ်ဂိုးတည်းဖြင့် ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်နှစ်ပွဲဆက်ရှုံးခဲ့ပြီဖြစ်ရာ နည်းပြမော်ရင်ဟိုက  မိမိအသင်းသည်  ဝမ်းနည်းမှုများ ရှိနေသည့် အသင်းဟု ပြောသည်။

ထိုပွဲတွင် စပါးအသင်းအတွက် ယခုရာသီ ၁၄ ဂိုးသွင်းပြီး ၁၃ ဂိုးဖန်တီးပေး ထားသော တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာကြောင့် မပါဝင်နိုင်သည့်အတွက် အငှားခေါ်ထားသော တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ပွဲထွက် အသုံးပြုခဲ့သော်လည်း ခြေစွမ်းကောင်းပြသနိုင်ခြင်း မရှိ၍ လူစားလဲခဲ့ရသည်။  ထိုပွဲတွင် စပါးအသင်းကစားပုံ ဆိုးရွားခဲ့ပြီး ဂိုးသမား ဟူဂိုလိုရစ်နှင့် ခံစစ်မှူး အဲလ်ဒါဝီရယ်တို့ ခြေစွမ်းကောင်းခဲ့၍သာ ဂိုးပြတ်ရှုံးရမည့်အဖြစ်မှ ရှောင်နိုင်ခဲ့ခြင်း ဖြစ်ကာ စပါးအသင်းသည် အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ မန်စီးတီးထက် ၁၁ မှတ်၊ အဆင့် (၄)နေရာမှ လက်စတာထက် ခြောက်မှတ်လျော့ဖြင့် ရပ်တည်နေသည်။

ပွဲအပြီးတွင် မော်ရင်ဟိုက ကျွန်တော်တို့ ပွဲပေါင်း ၃၀ ကစားပြီးချိန်မှာ ငါးပွဲရှုံးခဲ့ပါပြီ။  ဒါကို မတူညီတဲ့အမြင်နဲ့ ကြည့်နိုင်ပါတယ်။  ပရီးမီးယားလိဂ် အသင်းတိုင်းကလည်း နိမ့်မြင့်တက်ကျတွေ ရှိနေကြတယ်။ ယုံကြည်မှု အပြည့်ရှိတဲ့ အသင်းတစ်သင်းက ဝမ်းနည်းမှုတွေ ရှိနေတဲ့ အသင်းဖြစ်ပေမယ့် ပိုကောင်းအောင် ကစားနိုင်ပါတယ်ဟု ပြောသည်။                           

Ref:Dailymail