ရှမ်းယူနိုက်တက် အသင်းသည် ယခုနှစ် အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအတွက် ဖေဖော်ဝါရီဒုတိယပတ်တွင် စတင်ပြင် ဆင်ရန်လျာထားပြီး အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲအဆင့်တွင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်းနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ကလပ်အသင်းအဆင့် ပြိုင်ပွဲများအနက် အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ် သည့် ၂၀၂၁ အာရှချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲအတွက် အုပ်စုအဆင့်ပွဲစဉ်များနှင့် ခြေစစ်ပွဲ အဆင့်ပွဲစဉ်များ ထွက်ပေါ်လာ ခဲ့ပြီဖြစ်ရာ ယခင်က ကလပ်အသင်း ၃၂ သင်းဖြင့်သာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကလပ် အသင်းပေါင်း ၄၀ အထိ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အာရှအရှေ့ဇုန်နှင့် အနောက်ဇုန် ဟူ၍ ခွဲခြား သတ်မှတ်ထားပြီး ဇုန်တစ်ခုတွင် လေးသင်းပါ အုပ်စုငါးခုခွဲခြား သတ်မှတ်ထားသည်။
ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက် အသင်းက ခြေစစ်ပွဲမှ စတင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားရာ ပထမအဆင့်တွင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီး အသင်းနှင့် ဧပြီ ၇ ရက်တွင် အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရှမ်းယူနိုက်တက်အသင်း သည် ယင်းပြိုင်ပွဲမတိုင်မီ နှစ်လအလိုတွင် လေ့ကျင့်မှုစတင်ရန် လျာထားခြင်းဖြစ်ပြီး အသင်းအနေဖြင့် ပြင်ဆင်ချိန် လုံလောက်ဖွယ်ရှိကြောင်း အသင်းတာဝန်ရှိသူတစ်ဦး ကပြောသည်။
ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ပထမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါက ဂျပန်ကလပ် ဆီရီဇိုအိုဆာကာအသင်း နှင့် Play-Off အဆင့်တွင် အဝေးကွင်း ပွဲစဉ်အဖြစ် ထပ်မံရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင် အနိုင်ရရှိခဲ့လျှင် အုပ်စု အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်းသည် အုပ်စု အဆင့်တွင် တရုတ်ကလပ် ရှန်ဒေါင်း လူနန်၊ ထိုင်းကလပ် Port FC၊ ဟောင်ကောင်ကလပ် ကစ်ချီအသင်းတို့ နှင့် အုပ်စု (J) ၌ ကျရောက်နေကြောင်း သိရသည်။
ကိုရဲ