အာဆင်နယ်အသင်းသည် ဖေဖော်ဝါရီ ၂ ရက်ညက ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ဦးဆောင်ဂိုး စသွင်းသော်လည်း ဝုဗ်ကို ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ပထမပိုင်းပြီးခါနီး အာဆင်နယ်ခံစစ်မှူး ဒေးဗစ်လုဇ်သည် ဂိုးသွင်း ရန်ကြိုးစားသော တစ်ဖက်အသင်းမှ ဟိုဆေးဝီလျံ ကို ဥပဒေပဖျက်ထုတ်သည်ဟုဆိုကာ တိုက်ရိုက် အနီကတ်နှင့် ပယ်နယ်တီ ပေးခဲ့ရပြီး ပွဲချိန် ၄၉ မိနစ်တွင်လည်း မော်တင်ဟိုက ဝုဗ်အတွက် အနိုင် ဂိုးသွင်းခဲ့သဖြင့် အာဆင်နယ်အသင်း ရှုံးပွဲကြုံခဲ့ရခြင်း ဖြစ်သည်။
ထိုပွဲ၌ ဒေးဗစ်လုဇ် အနီကတ်နှင့် ပယ်နယ်တီထိပြီး အာဆင်နယ်ဂိုးသမား ဘန်းလီနိုသည်လည်း ပွဲချိန် ၇၂ မိနစ်တွင် ဂိုးစည်းအပြင်ထွက်ပြီး ဘောလုံးဖျက်ထုတ်ရာ ရင်ဘတ်ဖြင့်တိုက်ထုတ်ရန် ရည်ရွယ်သော်လည်း ဒိုင်လူကြီးရှေ့တွင် လက် မောင်းဖြင့်တိုက်မိသွားသည့်အတွက် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရသည်။ ဒေးဗစ်လုဇ် သည် အနီကတ်နှင့် ပယ်နယ်တီဖြစ်စဉ်တွင် ဟိုဆေး ဝီလျံအား မိမိဘက်မှ ပြစ်ဒဏ်ကျူးလွန်ခြင်း မဟုတ်ခဲ့ကြောင်း စောဒကတက်သည့် အနေဖြင့် ၎င်း၏အင်စတာဂရမ်၌ အမည်းရောင်နောက်ခံထားပြီး မယုံနိုင်စရာပဲဟူသည့်စာသားကို ရေးတင်ခဲ့သည်။ ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေခဲ့သော်လည်း အာဆင်နယ် ခံစစ်မှူးဟောင်း မာတင် ကီအွန်က ဒေးဗစ်လုဇ်အနေဖြင့် ကိုယ့်ကိုယ် ကိုယ်ပဲအပြစ်တင်သင့်သည်ဟု ဝေဖန်ခဲ့သည်။
ကီအွန်က ဘောလုံးကစားဖို့ သီးသန့်ကြိုးစား လုပ်ဆောင်တာမျိုး မဟုတ်ဘဲ ဒီလိုဖြစ်ရပ်မျိုးတွေဖြစ်ရင် ဒေးဗစ်လုဇ် အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမယ်။ သူက ဒီလိုပုံစံတူဖြစ်ရပ်မျိုး တွေလုပ်ခဲ့တာ ပထမအကြိမ်လည်း မဟုတ်တော့ဘူး။ ထုတ်ပယ်ခံရတဲ့ သုံးကြိမ်စလုံးကလည်း ဒီလိုပုံစံတူလုပ်ရပ်တွေကြောင့်ချည်းပဲဟု ဝေဖန်ခဲ့သည်။
အာဆင်နယ်နည်းပြအာတီတာက ဒေးဗစ်လုဇ် ဘက်မှ ကာကွယ်ပြောဆိုခဲ့ပြီး ဟိုဆေးဝီလျံကိုယ်တိုင်ကသာ ခြေထောက်ငြိစေရန် ရည်ရွယ်လုပ်ဆောင်ကာ ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
အာတီတာက ကျွန်တော် ပြန်လည်ပြသမှုကို ထောင့်ပေါင်းစုံကနေ ၁၀ ကြိမ်မက ကြည့်ခဲ့ပြီးပါပြီ။ ထိမိသွားတဲ့သဲလွန်စ တစ်ခုမှမတွေ့ရပါဘူး။
သူတို့က သူတို့မြင်လိုက်တဲ့မြင်ကွင်းကို သုံးသပ်ပြီး တစ်ခါတည်း အနီကတ်ပြလို့ ပယ်နယ်တီပေးလိုက်တာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကြည့်ရသလောက်ကတော့ ဒေးဗစ်လုဇ်ကသာ ပြစ်ဒဏ်ကျူးလွန်ခံရသူပါဟု ဝေဖန်ခဲ့ သည်။
Ref:Dailymail