မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံကို ယခု လအတွင်း အတည်ပြုသတ်မှတ်ဖွယ်ရှိ ကြောင်း ဗီယက်နမ်နိုင်ငံ အခြေစိုက် VN Express မီဒီယာက ဖော်ပြသည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို ယခုနှစ် အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပရန်လျာထားသော်လည်း အိမ်ရှင် နိုင်ငံကို ရွေးချယ်ရခြင်းမရှိသေးပေ။
ယင်းခြေစစ်ပွဲများကို အုပ်စုအလိုက် အိမ်ရှင်နိုင်ငံ သတ်မှတ်ခြင်းဖြစ်ပြီး လက်ရှိတွင် အာရှနိုင်ငံများ၏ COVID-19 ရောဂါအခြေအနေကြောင့် ခြေစစ်ပွဲလက်ခံ ကျင်းပမည့် အိမ်ရှင်နိုင်ငံကို အတည်ပြုနိုင် ခြင်းမရှိသေးသော်လည်း ယခုလအတွင်း အတည်ပြုသတ်မှတ်ဖွယ်ရှိကြောင်း VN Express က ဖော်ပြထားသည်။
အဆိုပါ ခြေစစ်ပွဲကို မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယား နိုင်ငံသား ပိုပေါ့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။
အာရှဘောလုံး အဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကာ
လာမည့်ပြိုင်ပွဲတွင် ယခင်ကျင်းပနေသည့် အာရှ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအမည် အစား အာရှဖလား ယူ-၂၃ ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပမည် ဖြစ်သည်။
မြန်မာအသင်းသည် ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သည့် ပြိုင်ပွဲ၌သာ ခြေစစ်ပွဲအောင်မြင်ခဲ့ကာ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၀ ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲအောင်မြင်ခြင်း မရှိခဲ့ပေ။
မြန်မာအသင်းသည် နောက်ပိုင်းနှစ် များတွင် ခြေစစ်ပွဲများ၌ အုပ်စုဒုတိယနေရာ ရသော်လည်း သတ်မှတ်ထားသည့် အကောင်းဆုံး အသင်းအရေအတွက်တွင် မပါဝင်သောကြောင့် ခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။
ခြေစစ်ပွဲကျင်းပသည့် ပုံစံအရ အိမ်ရှင်နိုင်ငံမှ လွဲ၍ ကျန်အသင်းများမှာ ခြေစစ်ပွဲ ယှဉ်ပြိုင်ရပြီး အသင်းပေါင်း ၁၆ သင်းဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ကိုရဲ