လီဗာပူးအသင်း ပရီးမီးယားလိဂ်အိမ်ကွင်း၌ နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံလုံလောက်သော ကြံ့ခိုင်မှုမရှိဟု နည်းပြကလော့ဖွင့်ဟ

လီဗာပူး၊ ဘောလုံး

လီဗာပူးအသင်းသည်  ဖေဖော်ဝါရီ ၃ ရက်ည က  ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်အိမ် ကွင်းပွဲစဉ်၌ ဘရိုက်တန်ကို  ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သဖြင့် နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် အိမ်ကွင်းနှစ်ပွဲဆက် တိုက် ရှုံးပွဲကြုံခဲ့ရသည်။ လီဗာပူးအသင်းသည် ပြီးခဲ့သည့်နှစ်ပတ်က ဘန်လေကို အိမ်ကွင်း၌ ၁ ဂိုး-ဂိုး မရှိဖြင့် ပင် ရှုံးနိမ့်ခဲ့ရသည်။

လီဗာပူးအသင်းသည် ယခုပွဲအရှုံးကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးထက် တစ်ပွဲပို ကစားထားပြီး ခုနစ်မှတ်လျော့ နည်းခဲ့ရသည်။ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးနည်းပြကလော့က  “အဝေးကွင်း နှစ်ပွဲဆက်တိုက်ကစားခဲ့ရတဲ့ ဒီတစ်ပတ်က ကျွန်တော်တို့အတွက် အရမ်းကို ကျပ်တည်း ခဲ့ပါတယ်။ တကယ်ကို ခက်ခဲခဲ့တဲ့ပွဲနှစ်ပွဲပါ။ ကိုယ့်အသင်းက လုံလောက်တဲ့ လန်းဆန်းမှုမရှိဘူး။ စိတ်ပိုင်း ဆိုင်ရာရော ကာယပိုင်းဆိုင်ရာမှာပါ လုံလောက်တဲ့  ကောင်းမွန်မှုမရှိလို့ ရှုံးခဲ့ရတာပါ။ ကစားသမားတွေ စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုရှိတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ သူတို့အချင်းချင်း ဘောလုံးပေးပို့တဲ့အခါတွေမှာ ပေးတိုင်းမဖြစ်ခဲ့တာတွေလည်း ရှိခဲ့တယ်။  ဒီလိုတွေကနေ  ဘရိုက်တန်ကို အခွင့်အရေးတွေပေးခဲ့ပြီး  သူတို့က လည်း ကောင်းကောင်းအသုံးချခဲ့လို့ ထိုက်တန်စွာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ခြေစွမ်း တည်ငြိမ်မှုမရှိတာကတော့ အမှန်ပဲ။ အသင်းက ပင်ပန်းနေတယ်။ ဒါကြောင့် အမြင့်ဆုံးစွမ်းဆောင်ရည်  မပြသနိုင်ဖြစ်နေတာပါ” ဟု ပြောသည်။

ထိုပွဲတွင်  ဘရိုက်တန်အသင်းကပင် ဂိုးကန် သွင်းခွင့်၊  ဂိုးပေါက်တည့်ကန်ချက်နှင့် ဂိုးဖန်တီးမှုပိုင်းများ၌  ပိုမိုအသာစီးရခဲ့သည်။ လီဗာပူးသည် ဖေဖော်ဝါရီ ၇ ရက်တွင်  မန်စီးတီးအသင်းနှင့် ထပ်မံရင်ဆိုင်ရဦးမည်ဖြစ် ကာ အိမ်ကွင်း၌ ကစားရမည်ဖြစ်၍  အိမ်ကွင်းရလဒ်ကောင်းရန် အစွမ်းကုန်ပြင်ဆင်ရမည်ဟု ခံစစ်မှူး ရောဘတ်ဆန်ကလည်း ဆက်လက်ပြောသည်။

ရောဘတ်ဆန်က “မန်စီးတီးနဲ့ကစားရတဲ့ပွဲတိုင်းက အမြဲတမ်းပွဲကြီးပွဲကောင်းအဖြစ် ခက်ခဲလေ့ရှိတယ်။ သူတို့အသင်းက  လက်ရှိမှာ ကျွန်တော်တို့ထက်  ခုနစ်မှတ်သာနေတယ်။ ပွဲကျန်တစ်ပွဲကစားဖို့ရှိသေးတော့   ၁၀  မှတ်ကွာဟတယ်လို့တောင်   ယူဆလို့ရတယ်။   သူတို့ဘက်ကလည်း လီဗာပူးနဲ့ပွဲတိုင်းကို   ခက်ခဲမယ် ဆိုတာ  သိထားမှာပဲ။  အသင်းက  အသင်းကောင်း အဖြစ်ရှိနေဆဲပါ” ဟု ပြောသည်။         

Ref:Dailymail