ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဦးခင်မောင်လွင်၏ယာဉ်တန်းအား MNDAA သောင်းကျန်းသူများက စောင့်ကြို တိုက်ခိုက်ရာ အပြစ်မဲ့အရပ်သားများ သေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ ဖေဖော်ဝါရီ - ၅
တပ်မတော်အနေဖြင့်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ခိုင်မာသည့် ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင်နိုင်ငံတော် ကာကွယ်ရေး နှင့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ထိ ရပ်စဲပေးသွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်မှစစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေးထားသည့် ကာလများကိုယခင်ကထက် ပိုမိုထိရောက် အကျိုးရှိစွာ အသုံးပြု၍ ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးဆုံးသည်အထိ လိုအပ် သည်များ ဆက်လက်ဆွေးနွေးသွားရန်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း ဦးခင်မောင်လွင် (ခ) ဦးဘေရင်နယ်သည် လားရှိုးမြို့တွင် ကျန်းမာရေးအရလိုအပ်သော ဆေးဝါးကုသမှုများ ခံယူပြီးနောက် ဖေဖော်ဝါရီလ ၅ရက် နေ့လယ် ၁၂ နာရီတွင် လားရှိုးမှလောက်ကိုင်သို့ နမ့်ဆလပ်မှ စောင့်ကြိုလိုက်ပါလာသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နားတီးကျေးရွာအနီး MNDAA သောင်းကျန်းသူ ၂၀ ဦးခန့်မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ နှင့် လည်းကောင်း၊ ၎င်းဝန်းကျင် အနီးတစ်ဝိုက်တွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများက အချိန်မီရောက်ရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လည်းကောင်း အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူအဖွဲ့များမှာ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ပစ်ခတ်မှုဖြစ်ပွားစဉ် ကားလမ်းပေါ်၌ ယာဉ်ငယ်များနှင့်ဆိုင်ကယ်များ သွားလာလျက်ရှိသောကြောင့် အရပ်သားများကိုပါ ထိမှန်ခဲ့ပြီး ကျား ၈ ဦး၊ မ ၁ ဦး စုစု ပေါင်း ၉ ဦး သေဆုံး၊ ကျား ၇ ဦး၊ မ ၁ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိ၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ ၅ ဦး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဒဏ်ရာရလူနာများအား တပ်မတော်စစ်ကြောင်းများက ကွမ်းလုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာ နယ်မြေတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။