နေပြည်တော်၊ ဖေဖော်ဝါရီ - ၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ယနေ့တွင် တပ်မတော် ထောက်ခံပွဲပြုလုပ်ရာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်သီးအပါအဝင် အင်အား ၁၀၀၀ ဦးခန့်သည် မြို့နယ်အားကစားကွင်းမှ ဦးဥတ္တမလမ်းအတိုင်း စီတန်းလှည့်လည်၍ ညောင်တန်းလမ်းမှ တစ်ဆင့် ဘူတာရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ ပြည်သူတို့၏ အကျိုးကို အမှန်ဖော်ဆောင်မည့် တပ်မတော်အား ထောက်ခံပါသည်၊ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် တပ်မတော်အား ထောက်ခံပါသည်၊ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးကို ပူးပေါင်းပါဝင်ဆောင် ရွက်ပါမည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ထောက်ခံပါသည်ဟု စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း တပ်မတော်အပေါ် ထောက်ခံကြောင်း ဟောပြောပွဲ(၁၄)ကြိမ်၊ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှု(၂၉)ကြိမ်၊ မော်တော်ယာဉ်များဖြင့် လှည့်လည်ဆန္ဒ ဖော်ထုတ်မှု(၂)ကြိမ် စုစုပေါင်း (၄၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။