၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၇

   

၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်လက်မှတ်ရ သံဃာတော်နှင့် ဆုတံဆိပ်ရရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

   

အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး က ဖတ်ကြားသည်။ ထို့နောက် ရှမ်းပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ ကျော်ထွန်းက မိန့်ခွန်းပြောကြားသည်။

   

ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဆုတံဆိပ်များ ချီးမြှင့်ခြင်း အခမ်းအနားကို  ဆက်လက်ကျင်းပရာ လူမှုထူးချွန်ဆု (ပထမဆင့်)ရ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အားလည်းကောင်း၊ စီမံထူးချွန်ဆု(ပထမဆင့်)ရ  Shan  United FC   အား လည်းကောင်း၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု(တတိယဆင့်)ရ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးစံသိန်း အားလည်းကောင်း၊ စိုက်ပျိုးထူးချွန်ဆု(တတိယဆင့်)ရ ညောင်ရွှေမြို့၊ ငဖယ်ချောင်း ကျေးရွာမှ ဦးတင့်နိုင် အားလည်းကောင်း၊ မွေးမြူထူးချွန်(တတိယ ဆင့်)ရ ဦးစောတင်ကိုကိုလွင် အားလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးထူးချွန် ဆု(တတိယဆင့်)ရ သီပေါမြို့နယ်၊ နောင်ကပ်ကျေးရွာမှ ဦးမြသန်း အားလည်းကောင်း၊ လူမှုထူးချွန်ဆု(တတိယဆင့်)ရ တောင်ကြီးမြို့မှ ဦးဘုန်းမြင့်ကျော်နှင့် ဂရုဏာရှင်လူမှုကူညီရေး အသင်း(နမ့်စန်မြို့)တို့အားလည်းကောင်း  ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။