မန္တလေးမြို့နှင့် မူဆယ်မြို့နယ်တို့၌ ငွေကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၈

မန္တလေးမြို့နှင့် မူဆယ်မြို့နယ်တို့၌ ငွေကျပ်သိန်း ၂၉၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဖေဖော်ဝါရီ ၅ ရက် ညနေ ၃ နာရီခွဲတွင် မန္တလေးမြို့ သီရိမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်း အတွင်းရှိ NISSAN CONDOR အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ အောင်ကို၊ ချမ်းမင်း(ခ)ဖိုးချမ်းနှင့် ဇော်မျိုးလွင်တို့ကို တွေ့ရှိသဖြင့် ယာဉ်ပေါ်ကိုဆက်လက်ရှာဖွေရာ ဆာလာအိတ်များအတွင်းမှ မူးယစ် ဆေးဝါး ထုတ်လုပ်ရာတွင်  အသုံးပြုသော ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၂၅၀၀ ကီလိုသိမ်းဆည်း ရမိခဲ့သည်။

စစ်ဆေးမေးမြန်းချက်အရ အဆိုပါကား ဝင်းရှိ အောင်ကိုနေထိုင်သော အဆောင် (D) အခန်း(၆)ရှိ  သံပုံးများ အတွင်းမှ Sodium Cyanide ၂၀၀၀ ကီလိုကိုလည်း ကောင်း၊ ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ် ကွက် ဖိုးရာဇာ လမ်းနှင့် ယောမင်းကြီးလမ်းကြား  (၆၇)ဘီလမ်းရှိ  ဂိုဒေါင်အတွင်းမှ Sodium Cyanide ၁၉၀၀၀ ကီလိုကို လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ Sodium Cyanide များကို မူဆယ်မှ မန္တလေးသို့ သယ်ပို့ပေးသူများဖြစ်သည့် ဖုန်းနိုင်ဦး(ခ) နိုင်ဦးအား မူဆယ်မြို့ မိုင်းယုကျေးရွာ၌ လည်းကောင်း၊ စိုင်းထွန်းနိုင်(ခ)အားပုအား လဲချားမြို့ နယ် မြို့မကျေးရွာအုပ်စု ဖွေးဟိုင် ကျေးရွာ၌လည်းကောင်း၊ မူဆယ်မြို့ တောင် ရပ်ကွက်ရှိ နေအိမ်၌ စိုးမင်းဖြိုး (ခ)စိုးကြီး၊ ဇော်ဌေး၊ စိုင်းစွမ်မိန်းဖ၊ ဘုန်းအောင်ကျော် တို့ကို စိတ်ကြွဆေးပြား ၄၈၄၂ ပြားနှင့်လည်းကောင်း၊ မူဆယ်မြို့၌ စိုးမင်းဖြိုး(ခ) စိုးကြီးက သိုလှောင်ထားသည့် ကောင်းမူးတုံရပ်ကွက် ဟိုနားရပ်ရှိ နေအိမ်မှ Sodium Cyanide  ၆၂၅၀  ကီလိုနှင့် မော်တောင်းကျေးရွာရှိ ဂိုဒေါင်မှ Sodium Cyanide ၁၈၀၀၀ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ကို  ၂၀ နှစ်၊ ချမ်းမင်း(ခ)ဖိုးချမ်း ၂၆ နှစ်၊ ဇော် မျိုးလွင် ၂၅ နှစ်၊  ဖုန်းနိုင်ဦး(ခ)နိုင်ဦး ၃၅ နှစ်၊ စိုးမင်းဖြိုး(ခ)စိုးကြီး ၃၅ နှစ်၊ ဇော်ဌေး ၃၈ နှစ်၊ စိုင်းစွမ်မိန်းဖ ၂၄ နှစ်၊ ဘုန်းအောင် ကျော် ၃၆ နှစ်၊ စိုင်းထွန်းနိုင်(ခ)အားပု ၂၆ နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက် တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရဲပြန်ကြား