တာချီလိတ်မြို့နယ်၌ ငွေကျပ် ၂၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

တာချီလိတ်  ဖေဖော်ဝါရီ   ၈

တာချီလိတ်မြို့နယ်၌ ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီခန့်တွင် ငွေကျပ် ၂၁ ဒသမ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၆ရက် ည ၈ နာရီခန့်တွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု  ယန်းကျောက်ကျေးရွာအနီး၌ မသင်္ကာဖွယ် မော်တော်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ DUMP TRUCK အမျိုးအစား SKAT မော်တော် ယာဉ်ပေါ်ရှိ အုတ်ခဲများ အောက်တွင်သိုဝှက်တင်ဆောင်ထားသည့် ဆာလာအိတ်များအတွင်းမှ အိုက်စ်(မက်သ် အဖက်တမင်း) ၁၀၇၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲပြန်ကြား