အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲမတိုင်မီ အသင်းအားလုံးဆေးစစ်မှုခံယူရမည်

ရန်ကုန်၊ ဘောလုံး

ယခုနှစ် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲနှင့် AFC Cup ပြိုင်ပွဲမတိုင်မီ ပြိုင်ပွဲဝင်အသင်းအားလုံး COVID-19 ရောဂါနှင့် ပတ်သက်၍ ဆေးစစ်မှုခံယူရမည်ဖြစ်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ဆေးစစ်ခြင်းကို  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံက တာဝန်ယူရမည်ဖြစ်ပြီး   အာရှချန်ပီယံလိဂ်၊ AFC Cup ခြေစစ်ပွဲနှင့်    အုပ်စုပွဲစဉ်များမတိုင်မီ ဆေးစစ်ရမည်ဖြစ်သည်။

အဆိုပါခြေစစ်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်နိုင်ငံများနှင့် ဇုန်အလိုက် အုပ်စုပွဲများအား အိမ်ရှင် အဖြစ်  လက်ခံကျင်းပမည့်နိုင်ငံများကို   ကုန်ကျစရိတ်ကျခံပေးမည်ဖြစ်ကြောင်း AFC ၏ထုတ်ပြန်ချက် တွင် ပါဝင်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အလုပ်ရုံဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတွေအနေနဲ့ လုပ်ဆောင်ရမယ့် စည်းကမ်းချက်တွေကို AFC က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။  ခြေစစ်ပွဲတွေအပြင်   အုပ်စုတစ်ခုချင်းစီက အိမ်ရှင်နိုင်ငံတွေကို လာရောက်မယ့်အသင်းတွေ၊ တာဝန်ရှိသူတွေနဲ့ ဒိုင်တွေကို ဆေးစစ်မှုလုပ်ဆောင်ပေး ရမှာဖြစ်ပါတယ်။

ဒီအတွက် ကုန်ကျစရိတ်ကို   AFC   က ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါ့ပြင်  အိမ်ရှင်အသင်းတွေရဲ့  လက်ခံကျင်းပ မယ့် ကုန်ကျစရိတ်နဲ့  ပြိုင်ပွဲဝင်ကလပ်အသင်းတွေရဲ့ ခရီးစရိတ်တွေကိုပါ    ထုတ်ပေးမယ်လို့   သိထားပါ တယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

၂၀၂၁ အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း   ယှဉ်ပြိုင်ခွင့်ရရှိထားပြီး မဲခွဲပွဲရလဒ်အရ ရှမ်းယူနိုက်တက်အသင်းသည် ဧပြီ ၇ ရက်တွင် မဲလ်ဘုန်းစီးတီး အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့အတူ ဟံသာဝတီယူနိုက်တက်အသင်းက AFC Cup ခြေစစ်ပွဲ (Play-Off) အဆင့်မှ စတင်ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး Play-Off အဆင့်တွင်  ဟံသာဝတီယူနိုက်တက်အသင်းသည်  လာအိုကလပ်  လာအိုတိုယိုတာနှင့် ဘရူနိုင်းကလပ် ကာဇူကာအသင်းတို့မှ အနိုင်ရရှိသည့်အသင်းနှင့် မေ ၁၉ ရက်တွင် အိမ်ကွင်း၌ တွေ့ဆုံ မည်ဖြစ်သည်။                 

ကိုရဲ