ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်း၌ ငွေကျပ် သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော်  ဖေဖော်ဝါရီ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် တာကော်တံတားပူးပေါင်း စစ်ဆေးရေးစခန်းတွင် ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်း အရ ဖေဖော်ဝါရီ၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကွန်ဟိန်းမြို့နယ် တာကော်တံတားပူးပေါင်းစစ်ဆေးရေးစခန်း၌ ခိုလမ်မှ မိုင်းပျဉ်းဘက်သို့ ယာဉ်မောင်း ဇော်မင်းလတ်(ခ)ကိုလတ် မောင်းနှင်လာသော မော်တော်ယာဉ်ကို ရှာဖွေရာ ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၆ ဒသမ ၂၅ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိဘိန်းဖြူများကို မိုင်းရှူးမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်း ဝယ်သူများဖြစ်ကြသည့် အိုက်ဖုန်းနှင့် ထွန်းထွန်းနိုင်တို့ကိုကာလိမြို့၌လည်းကောင်း၊ ကောင်းမြတ်ဇင်ကို တောင်ကြီးမြို့ ချမ်းသာ ကုန်းရပ်ကွက်၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(သတင်းစဉ်)