ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော် ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

    

COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း ထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရားစေတီ ပုထိုးများကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေးအတွက်  ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိဘုရား၊ စေတီပုထိုးများ၌ လာရောက်ဖူးမြော် ကြည်ညိုကြသူ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများသည် COVID-19  စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကုသိုလ်ယူလျက်ရှိကြသည်။

   

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိ လည်းကောင်း ဖူးမြော် နိုင်ရေး ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။