ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော် နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်၊ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

   

 နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19  စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖူးမြော်ခွင့်ပြု ပေးခဲ့ပြီး ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာပွားများနိုင်ရေးနှင့် ဘုရားစေတီ ပုထိုးများ၏ ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိသည်။

   

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့တို့ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရား၊ စေတီပုထိုးများ၌  ထုံးသင်္ကန်းများ ကပ်လှူခြင်း၊ ဘုရားရင်ပြင်တော်များ၊ ကျောင်းဆောင်အဆောက်အဦများ၊ ဝင်လမ်း၊ ထွက်လမ်းနေရာများနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် တိုင်းစစ် ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

   

ထို့ပြင် တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၌ ကောင်းမှုကုသိုလ် အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်းရွတ်ဖိတ် ပူဇော်ခြင်းများကို ဆောင်ရွက်ကြရာ ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက ဘုရားစေတီပုထိုးများ၌ အန္တရာယ်ကင်း၊ ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။