နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေလှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ဘုံရှည်ကုန်းကျေးရွာ၊ အမှတ်(၅/၆)ရပ်ကွက်၊ ဝါးတစ်ရာကျေးရွာ နှင့် အမှတ်(၄/၁၃)ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၅၂၀၀ စုတို့ အတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက် ပေးအပ်သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အိမ်ထောင်စု ၆၅၀ စုနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်ပုံ ကျေးရွာရှိ အိမ်ထောင်စု ၃၅၀ စုတို့အတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ဘီစကစ်များကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြတ် နှင့် တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေလှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။