တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ၊ ပြင်ပမှ ဆရာဝန်များ ၎င်းတို့၏ သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၁        

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေး ဆေးရုံများ ဖွင့်လှစ်၍  ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ တပ်မတော်က ပြည်သူများအား  ကူညီစောင့်ရှောက်ပေးနေသည်ကို သိရှိလာသဖြင့် ပြင်ပမှဆရာဝန် ၆ ဦးသည် ၎င်းတို့၏ သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။       

ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာ ၄၇၈၉ ဦး၊ အတွင်းလူနာ ၂၁၀၁ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်  စီမံဆောင်ရွက် ပေးလျက်ရှိသည်။       

ထိုသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၁၇၇ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၁၀၀ ဦး၊ စုစုပေါင်း ၂၇၇ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းင်းအပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၁၀၈ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၁၈၃ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၂၉၁ ဦးကို မွေးဖွားနိုင်ခဲ့သည်။       

တိုင်းရင်းသားပြည်သူ များအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း သိရှိရသည်။       

ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံ တပ်မတော် ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက် လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယခုကဲ့သို့   ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးမှုအတွက် ဒေသခံပြည်သူလူနာစောင့်တစ်ဦးက ယခု လိုပဲပြောကြားခဲ့ပါသည်-
''ကျွန်မအမေက ခြေထောက်သွေးကြော  ပိတ်လို့လာပြတာပါ။ ရန်ကုန်ကိုတက်လာပြီး လာပြတော့ ကြည့်မြင်တိုင်အရိုးအကြောကို ရောက်တာ။  ကြည့်မြင်တိုင် အရိုးအကြော က    ကျွန်မတို့ကို   မြောက်ဥက္ကလာကို  လွှဲတယ်။ မြောက်ဥက္ကလာမှာ ဆေးရုံတက် မယ်။ ဖြတ်မယ်လုပ်ပြီးတော့ ဆေးရုံတက် ခွင့်လက်မှတ်   ကျွန်မတို့ကိုလုပ်မပေးဘူး။  
သူတို့     ဆန္ဒထုတ်ဖော်နေတဲ့အတွက်  လုပ်မပေးတော့ ဒီခုတင် ၅ဝဝ က ဆရာကြီး တွေဆီမှာ  လာစုံစမ်းတာ။   စုံစမ်းတော့  ပြည်သူတွေကိုလည်း ကုပေးပါတယ်ဆိုလို့    ကျွန်မ ဒီကိုရောက်လာတာပါ။ သူနာပြုတွေ ကအစ၊  ခွဲစိတ်ဆရာဝန်ကြီးတွေကအစ   အကုန်လုံး  နွေးနွေးထွေးထွေးဖေးမကူညီ ကြပါတယ်။ ခွဲခန်းဝင်တာကအစ၊ မနက်စာ၊  ညစာ၊ အဆာပြေကအစ လိုလေသေးမရှိ ပါဘူး။ လူနာရော၊ လူနာစောင့်အတွက်ပါ  အကုန်လုံးတာဝန်ကျေပါတယ်။ ပြောမပြ တတ်အောင် ကျေးဇူးတင်မိပါတယ်''  ဟု ပြောသည်။