တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းကျခံ နေသူများအား ပြစ်ဒဏ် လွတ်ငြိမ်း သက်သာခွင့်ပြု

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝ သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေ ချိန်တွင် ပြစ်ဒဏ်ကျအကျဉ်းသား၊ အကျဉ်းသူများမှလည်း တစ်ဖက် တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက်လည်းကောင်း၊ နိုင်ငံ အချင်း ချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို  ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်း အေးချမ်း စေရေးနှင့်  လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အမိန့်အမှတ်၊ ၅၉/၂ဝ၂၁ နှင့် ၆ဝ/၂ဝ၂၁ တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား အကျဉ်း သား၊ အကျဉ်းသူ ၅၅ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းကြောင့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊  အကျဉ်းသူ ၅၅ ဦးတို့အား ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄ဝ၁ ၊ ပုဒ်မခွဲ(၁)အရ ''နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန် ပါက  ၎င်းပြစ်ဒဏ်အပြင်  ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံ ပါမည်'' ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့အား ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သတင်းရရှိသည်။