ရဲမှုထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂    
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ် လျက်ရှိသည်။    
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင် များ၊ တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်ကြသည်။    
အလားတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များ က သွားရောက်တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။