ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဟိုတိကျေးရွာ ဘန်းယဉ်-ဟိုပုံးသွား ကားလမ်းမပေါ် ဟိုတိကန်းတန် ဘုန်းကြီးကျောင်းအနီး၌ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲက ဆိုင်ကယ်တူးဘောက် အတွင်းမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၅)(တောင်ကြီး)မှ ရဲအုပ်စိုးနိုင် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ဆီဆိုင်မြို့နယ် နောင်မွန် ကျေးရွာအုပ်စု ဟိုတိကျေးရွာ ဘန်းယဉ်-ဟိုပုံးသွား ကားလမ်းမပေါ် ဟိုတိကန်းတန် ဘုန်းကြီးကျောင်းအနီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်
နေစဉ် ဘန်းယဉ်ဘက်မှ ဟိုပုံးဘက်သို့ ယာဉ်မောင်း ခွန်မောင်ဗွေ ၂၂ နှစ် နားခိုက် ကျေးရွာ(မြောက်ပိုင်း) နားခိုက်ကျေးရွာအုပ်စု ဆီဆိုင်မြို့နယ်နေသူ မောင်းနှင်ပြီး နောက်တွင် ခွန်ထွန်းလေး ၁၉ နှစ် (လိပ်စာတူ) လိုက်ပါလာသည့် နံပါတ်မပါ CLICK အမျိုးအစား HONDA-125 အမျိုးအစား နက်ဝါရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းဆိုင်ကယ် တူးဘောက်အတွင်းမှ အဝါရောင်တိပ်ဖြင့် ပတ်ထားပြီး မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့် အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ ၂ဝ ထုပ် စုစုပေါင်းဆေးပြား ၄ဝဝဝ ပြား (အလေးချိန် ၄ဝဝ ဂရမ်ခန့်)၊ ဆေးပြားတစ်ပြားလျှင် ကာလတန်ဖိုးငွေကျပ် ၁ဝဝဝ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၄ဝဝဝဝဝဝ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ခွန်မောင်ဗွေနှင့် ခွန်ထွန်းလေးတို့ နှစ်ဦးအား ဆီဆိုင်မြို့နယ် ဘန်းယဉ်နယ်မြေ ရဲစခန်းက မယ(ပ)၅/၂ဝ၂၁၊ မူး/စိတ်ဥပဒေပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။