တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

တိုင်းဒေသကြီးနှင့်    ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို   တစ်ထောင့် တစ်နေရာမှ    အထောက်အကူပြုစေရန် အတွက် မြို့နယ်အသီးသီးရှိ  တပ်မတော်ဆေးရုံများ၌    ယာယီကုသရေး ဆေးရုံများ ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး   ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ယင်းသို့    ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်    နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှယနေ့အထိ  ပြင်ပလူနာ ၈၅၈၁ ဦး၊ အတွင်းလူနာ ၂၀၆၄ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ  ပါရဂူများ၊  ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊  ဆေးရုံတက်ရောက်ကုသရန်  လိုအပ်သည့်လူနာများကို ဆေးရုံတင်ကာ    ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်  စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့    လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက်   အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၃၇၁ ဦး၊  အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၁၇၅ ဦး၊ စုစုပေါင်း ၅၄၆ ဦး တို့ကို   ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့်   လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာများကို  တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၂၈ ဦးကို   ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၃၅၀ ဦးကို   သာမန်မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ် မျိုးဆက်သစ် ကလေးငယ် ၅၇၈ ဦးကို မွေးဖွားနိုင်ခဲ့သည်။

တိုင်းရင်းသား ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေးဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း သိရှိရသည်။

ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော် ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့်   ဆေးရုံတက် လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး  ဆေးရုံတက်ရောက်ကုသမှုခံယူနေသော    လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။