နေပြည်တော် ဖေဖော်ဝါရီ ၁၄
COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါတွင် COVID-19 ရောဂါဖြစ်ပွားမှုကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ပြီ ဖြစ်သဖြင့် စာသင်ကျောင်းများအား ဖွင့်လှစ်ခွင့်ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်း ကျောင်း၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့တွင်းရှိ အခြေခံပညာကျောင်းများ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (နတ်စင်ကုန်း)နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(ဘုရင့်နောင်) တို့၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက ကျောင်းဝင်းများ အတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင ်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ဆောင်များအား ဆေးများပြန်လည်သုတ်ပေးခြင်းနှင့် စာသင်ဆောင်များ အတွင်း/အပြင် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။