နေပြည်တော် ဖေဖော်ဝါရီ ၁၄
COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာများ အလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ ယာယီရပ်ဆိုင်းထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရား ဘာဝနာပွားများ နိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်
တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့ အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ်နံနက် ၆ နာရီမှ ၇ နာရီ အထိလည်းကောင်း၊ နံနက် ၈ နာရီမှ၉ နာရီအထိလည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိလည်းကောင်း နံနက်ပိုင်း သုံးကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိလည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိလည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံအဝှမ်းရှိ အစ္စလာမ်ဘာသာရေးကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာဘာသာများအလိုက် အများပြည်သူဝတ်ပြု ကြည်ညိုနိုင်ရေးအတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာဘာသာဝင်များက စည်းမျဉ်းစည်းကမ်း များနှင့်အညီ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက်ရှိကြောင်း သတင်းရရှိသည်။