ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ကြိုဆို ပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့်  ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏  ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို   Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ  နေပြည်တော် ကောင်စီ နယ်မြေသို့ ပို့ဆောင်လျက်ရှိရာ  ဒုတိယအကြိမ်အဖြစ် ပလ္လင်တော်အပိုင်း ၁ နှင့်  အပိုင်း ၄ တို့ကို ဇန်န ဝါရီ ၉ ရက်နေ့တွင် ဆီမီးခုံ ဆိပ်ကမ်းမှ ပင့်ဆောင်ပူဇော်ခဲ့ပြီး တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ယနေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ   ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ပလ္လင်တော် အပိုင်း ၁ နှင့် အပိုင်း ၄ အစိတ် အပိုင်းများအား  ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို   ယနေ့မွန်းလွဲပိုင်းတွင်  ကျင်းပပြု လုပ်ရာ  နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိ မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူ ကြပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊    စစ်ထောက်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊   ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့်    ဖိတ်ကြားထားသည့်ဧည့်သည် တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဒက္ခိဏသီရိမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော် များကို  ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူ သည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမ များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော်ကိုးပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်နှင့် မေတ္တာပို့ လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆို ပူဇော်ကြသည်။

ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်အပိုင်း ၁ နှင့် အပိုင်း ၄ တို့ကို ဒက္ခိဏသီရိမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဆောင်၍ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရား ဒါယကာများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂ လာအောင် ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက်  မင်္ဂလာအချိန်တွင်  ဘူမိဖဿ မုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော် အပိုင်း ၁ နှင့်အပိုင်း ၄ တို့ကို အပူဇော်ခံမည့်နေရာသို့ ဆက်လက် ပင့်ဆောင်တော်မူကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ် ဆယ်မျက်နှာ   မေတ္တာပို့လင်္ကာများဖြင့် မေတ္တာဘာဝနာပွားများပူဇော်ခဲ့ကြပြီး အခမ်း အနား အောင်မြင်ပြီး မြောက်ခြင်း  အထိမ်း အမှတ်အဖြစ်   ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿ မုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏  ပလ္လင်တော်အပိုင်း ၁ မှာ အလေးချိန် ၆၅၅ တန်နှင့် အပိုင်း ၄ မှာ အလေးချိန် ၆၇ဝ တန်ရှိပြီး ဒုတိယအကြိမ် အဖြစ်ကြိုဆိုပင့်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိ သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်း များကို ဆက်လက် ပင့်ဆောင် ပူဇော်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။