အီတလီနိုင်ငံ ဘိုလော့ဂ်နာတက္ကသိုလ်မှ သုတေသနပညာရှင် Daniele Mercatelli နှင့် Federico M.Giorgi တို့သည် ကမ္ဘာတစ်လွှား ပျံ့နှံ့လျက်ရှိသော SARS-CoV-2 ဗိုင်းရပ်များ၏ မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် လေ့လာသောသုတေသနကို ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်၂ ရက်ထုတ် Preprints ဂျာနယ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ သုတေသီ နှစ်ဦးတို့သည် ဂျာမနီနိုင်ငံ အမေရိကန်ပြည်ထောင်စုနှင့် စင်ကာပူနိုင်ငံတို့ရှိ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ တည်ထောင်ထားသည့် GISAID (Global Initiative on Sharing All Influenza Data) အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ကမ္ဘာတစ်လွားရှိ ဗိုင်းရပ်ပိုးနမူနာပေါင်း ၄၈၆၃၅ ခု၏ မျိုးရိုးဗီဇ အစုအဝေးဆိုင်ရာ အချက်အလက်များ (Genomic data)ကို စုပေါင်းလေ့လာခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ လုပ်ဆောင်ခဲ့သော အလားတူ သုတေသနများအနက် အကြီးမားဆုံး၊ အပြည့်စုံဆုံးသုတေသန ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်ပိုးနမူနာများအနက် အာရှတိုက်မှ ၃၃၄၀ ခု၊ ဥရောပတိုက်မှ ၃၁၃၁၈ ခု၊ အာဖရိကတိုက်မှ ၅၁၄ခု၊ မြောက်အမေရိကတိုက်မှ ၁၀၂၅၀ ခု၊ သမုဒ္ဒရာနိုင်ငံများမှ၂၁၂၇ ခု၊ တောင်အမေရိကတိုက်မှ ၅၇၅ ခုတို့ ပါဝင်ခဲ့သည်။ သုတေသီနှစ်ဦးတို့သည် မူလအစပထမဗိုင်းရပ်၏ မျိုးရိုးဗီဇအစုအဝေး(NC-045512.2) အား စံအဖြစ်ထားပြီး အထက်ပါ မျိုးရိုးဗီဇအစုအဝေးများကို နှိုင်းယှဉ်ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြသည်။
ထိုသို့လေ့လာခဲ့ရာတွင် ဗိုင်းရပ်ပိုးနမူနာပေါင်း ၄၈၆၃၅ ခု၏ မျိုးရိုးဗီဇအစုအဝေးများတွင် မျိုးရိုးဗီဇပြောင်းလဲမှု (mutations) ပေါင်း ၃၅၃၃၄၁ ခုကို တွေ့ရှိခဲ့ကြသည်။
အာရှတိုက်မှအများဆုံးပါဝင်သော ဗိုင်းရပ်ပိုးနမူနာ ၂၅၆ ခုတွင် အနည်းဆုံး mutations တစ်ခုမျှပါဝင်ပြီး စံထားသည့် မူလအစပထမဗိုင်းရပ်နှင့် သိသိသာသာကွဲပြားမှုမရှိကြောင်း သိရသည်။ ဓာတ်ခွဲနမူနာတစ်ခု (ဗိုင်းရပ်နမူနာတစ်မျိုး)တွင် အနည်းဆုံး mutations ခြောက်ခုမှအများဆုံး ၁၅ ခုအထိရှိပြီး ပျမ်းမျှအားဖြင့် mutations ၇ ဒသမ ၂၃ ခုရှိကြောင်း တွေ့ရှိခဲ့သည်။
တိုက်ကြီးတစ်ခုနှင့် တစ်ခုအကြား ပျမ်းမျှ mutations အရေအတွက် သိသိသာသာ ခြားနားမှုမရှိသော်လည်း နိုင်ငံတစ်ခုနှင့်တစ်ခုအကြား ကွဲပြားခြားနားမှုရှိကြောင်း သိရှိရသည်။ ဥပမာ-အိန္ဒိယနိုင်ငံမှ ဗိုင်းရပ်များတွင် ပျမ်းမျှ mutations ၈ ဒသမ ၄ ခု၊ ကွန်ဂိုနိုင်ငံတွင် ၈ ဒသမ ၃ ခု၊ ဘင်္ဂလားဒေ့ရှ်တွင် ၉ ဒသမ ၈ ခု၊ ကာဇက်စတန်တွင် ၉ ဒသမ ၄၇ ခုရှိပြီး တစ်ကမ္ဘာလုံးပျမ်းမျှ mutations အရေအတွက်ထက်မြင့်မားလျက်ရှိကြောင်း တွေ့ရှိရသည်။ သို့ရာတွင် အခြားတစ်ဖက်၌ဂျာမဏီတွင် ၆ ဒသမ ၁ ခု၊ ဂျပန်တွင် ၄ ဒသမ ၅ ခု၊ အီတလီနှင့်ဂရိတွင် ၅ ဒသမ ၉ ခု၊ ဟောင်ကောင်တွင် ငါးခုနှင့် ကန်ညာတွင် ၅ ဒသမ ၃၈ ခုရှိပြီး တစ်ကမ္ဘာလုံးပျမ်းမျှ mutations အရေအတွက်ထက် နိမ့်ကျလျက်ရှိကြောင်း တွေ့ရှိရသည်။
ကမ္ဘာတစ်လွှားတွေ့ရှိရသော mutations ပေါင်း၃၅၃၃၄၁ ခုအနက်၂၀၅၄၈၂ ခု (၅၈ ဒသမ ၂ ရာခိုင်နှုန်း)သည် အမိုင်နိုအက်စစ်ကိုပါ ပြောင်းလဲစေသည့် mutations များဖြစ်ပြီး ကျန်ရှိသည်များအနက် ၉၇၅၇၃ ခု (၂၇ ဒသမ ၆ရာခိုင်နှုန်း)သည် အမိုင်နိုအက်စစ်ကိုမပြောင်းလဲစေသည့် mutations များဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီး သုတေသီများသည် mutations တစ်ခုစီ၏ ပရိုတိန်းဖွဲ့စည်းပုံအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာခဲ့သည်။ကမ္ဘာတစ်ဝန်းအများဆုံးတွေ့ရသည့် mutations မှာ A23403G ဖြစ်ပြီး အဆိုပါ mutation သည် Spike (S) protein ၏ပရိုတိန်းနံပါတ် ၆၁၄ တွင် D614G အမိုင်နိုအက်စစ်ပြောင်းလဲမှုကို ဖြစ်ပေါ်စေပြီး Spike (S) protein သည် ဗိုင်းရပ်ပိုးအတွက် လူသားဆဲလ်မျက်နှာပြင်ပေါ်ရှိ ACE2 receptor မှတစ်ဆင့် ဆဲလ်အတွင်း ဝင်ရောက်နိုင်ရန် အရေးပါကြောင်း သိရသည်။
သို့ရာတွင် D614G အမိုင်နိုအက်စစ်ပြောင်းလဲမှုသည်ဗိုင်းရပ်နှင့် ACE2 receptor ထိတွေ့ပေါင်းစပ်သည့်အပိုင်း (အမိုင်နိုအက်စစ်နံပါတ် ၃၃၀ မှ ၅၃၀အတွင်း) အပြင်ဘက်တွင် ရှိနေကြောင်း တွေ့ရသည်။ A23403G mutation ကဲ့သို့ များပြားစွာတွေ့ရသည့် mutation များမှာ C14408T၊ C241Tနှင့် C3037T ဖြစ်ပြီး အဆိုပါ mutation လေးခုကို အတူပူးတွဲပြီး တွေ့ရှိရကြောင်း သိရသည်။၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အာရှတိုက်တွင် အများဆုံးတွေ့ရသော mutation မှာ G11083T ဖြစ်ပြီး မကြာသေးမီက ဗိုင်းရပ်နမူနာများကို လေ့လာမှုအရ အခြားတိုက်ကြီးများနှင့် သိသိသာသာကွဲပြားမှုမရှိကြောင်း တွေ့ရသည်။
ထို့နောက် ကမ္ဘာတစ်ဝန်းရှိ ဗိုင်းရပ်များကိုတူညီသည့် mutations များပါဝင်မှုအပေါ် မူတည်ပြီး clade L ၊ clade G၊ clade GH၊ clade GR၊ clade S၊ clade V နှင့် clade O ဟူ၍ အုပ်စု ခုနစ်ခုခွဲခြားခဲ့သည်။ C241T၊ C3037T၊ C14408T နှင့် A23403G ဟူသော mutations လေးခုကို clade G အတွင်းပါဝင်သည့် ဗိုင်းရပ်များတွင် တွေ့ရသည်။ ထိုမှဆင်းသက်လာသည့် clade GH တွင် အထက်ပါ mutations လေးခုအပြင် နောက်ထပ် ORF3a:Q57H mutation ထပ်တိုး ပါဝင်လာပြီး clade GR တွင်မူ RG203KR mutation ထပ်တိုးပါဝင်လာကြောင်း သိရသည်။
clade S ရှိ ဗိုင်းရပ်များတွင် ORF8L84S နှင့် silent C8782T mutation တို့ပါဝင်ပြီး clade V တွင်မူ ORF3a: G251V နှင့် NSP6:L37F mutation ပူးတွဲပါဝင်နေကြောင်း တွေ့ရှိရသည်။ အထက်ပါအချက်များနှင့် မကိုက်ညီသည့် ဗိုင်းရပ်များ ပါဝင်သည့်အုပ်စုကို clade O အဖြစ် သတ်မှတ်ခဲ့သည်။
COVID-19 ကပ်ရောဂါ စတင်ပျံ့နှံ့သည့်ကာလ (၂၀၁၉ ခုနှစ် ဒီဇင်ဘာလ)တွင် အဓိကပျံ့နှံ့သည့် ဗိုင်းရပ်မှာ မူလအစပထမစံထားသည့် clade Lဖြစ်ပြီးများ မကြာမီပင်၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် ပထမဆုံးမျိုးရိုးဗီဇ ပြောင်းလဲလာသည့် clade S နှင့် clade O တို့ပေါ်ပေါက်လာခဲ့သည်။၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် NSP6 နှင့် ORF3a mutations များရှိနေသော clade V သည် clade G နှင့်မရှေးမနှောင်း ပေါ်ပေါက်လာခဲ့သည်။ နောက်တစ်လခန့်အကြာ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် subclades များဖြစ်သော clade GH နှင့် fh GR တို့ ကမ္ဘာအနှံ့ပျံ့နှံ့နေကြောင်းတွေ့ရှိရသည်။ လက်ရှိအနေအထားတွင် ကမ္ဘာတစ်လွှားပျံ့နှံ့နေသော ဗိုင်းရပ်အများစု ၇၄ ရာခိုင်နှုန်းသည် clade G နှင့် ၎င်းမှဆင်းသက်ပြန့်ပွားလာသော clade G နှင့် GR တို့တွင် ပါဝင်နေပြီး အတိအကျ ဆိုရလျှင် Spike D614G နှင့် Nucleocapsid RG203KR mutations တို့ပါဝင်သော clade GR သည် အများဆုံးဖြစ်ကြောင်း သိရသည်။ မူလပထမ ဗိုင်းရပ်မျိုးရိုးဖြစ်သော clade L နှင့်၎င်းမှ ဆင်းသက်လာသော lades S နှင့် V တို့သည် တစ်ကမ္ဘာလုံးပျံ့နှံ့နေသော ဗိုင်းရပ်များ၏ ၇ ရာခိုင်နှုန်းခန့်အထိ ရှိနေဆဲဖြစ်သည်။
သုတေသနရလဒ်များအရ ဗိုင်းရပ်အုပ်စု clade များသည် တိုက်ကြီးများအလိုက် ကွဲပြားခြားနားနိုင်ပြီး တောင်အမေရိကတိုက်တွင် အများဆုံး ပျံ့နှံ့နေသည့် ဗိုင်းရပ်မှာ Spike D614G mutation နှင့် ORF3a:Q57H mutation တို့ပါဝင်သည့် clade GH ဖြစ်ပြီးဥရောပနှင့်တောင်အမေရိကတိုက်တွင် clade GR ကို အများဆုံး တွေ့ရသည်။ သမုဒ္ဒရာနိုင်ငံများတွင်မူ clade G အားလုံးကိုတွေ့ရပြီး အာဖရိကတိုက်၌ clade L ကို များပြားစွာတွေ့ရှိရသည်။ အာရှတိုက်တွင်မူ အစောပိုင်းကာလက မူလပထမ clade L အများဆုံး လွှမ်းမိုးခဲ့သော်လည်း clade G၊ GH နှင့် GR တို့သည် ဥရောပတိုက်တွင်ပျံ့နှံ့ပြီး တစ်လအကြာ၂၀၂၀ ပြည့်နှစ် မတ်လမှစပြီး ပိုမိုတိုးတက် များပြားလာခဲ့ကြောင်း စိတ်ဝင်စားဖွယ်တွေ့ရှိရသည်။
ဆက်လက်ပြီး ဗိုင်းရပ်မျိုးရိုးဗီဇအစုအဝေး အချက်အလက်ရှာဖွေဖော်ထုတ်ပြီးသောနိုင်ငံ ၃၂ နိုင်ငံကို နှိုင်းယှဉ်လေ့လာခဲ့ရာ နိုင်ငံအများစုသည် ၎င်းတို့တည်ရှိရာ တိုက်ကြီးများ၏ အချက်အလက်များနှင့် သိသိသာသာ ကွာခြားမှုမရှိဘဲ နိုင်ငံအချို့တွင်သာ ခြွင်းချက်အနေဖြင့် ကွာခြားချက်များတွေ့ရကြောင်း သိရှိရသည်။ ဥပမာ-တရုတ်တွင် clade G နှင့် ၎င်းမှ ဆင်းသက်လာသော clades များကို မတွေ့ရှိရဘဲ တချို့ဥရောပနိုင်ငံများ (ဥပမာဒိန်းမတ်နှင့်ပြင်သစ်)တွင် clade GH ကိုတွေ့ရပြီး အင်္ဂလန်နှင့်ပေါ်တူဂီတို့တွင် clade GR ကို အများအပြားတွေ့ရသည်။ လက်ရှိအမေရိကန်၊ အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့တွင် အများဆုံး တွေ့ရသည်မှာ clade GH ဖြစ်ပြီး ရုရားနှင့် ဘရာဇီးတွင် clade GR ကို အများအပြား တွေ့ရသည်။
ယေဘုယျအားဖြင့် clade G နှင့် ၎င်းမှဆင်းသက်လာသော clade GH နှင့် clade GR တို့သည် အချိန်ကြာမြင့် လာသည်နှင့်အမျှ ကျယ်ပြန့်စွာပျံ့နှံ့လာပြီး တစ်ချိန်တည်းမှာပင် clade GR နှင့် clade V တို့တဖြည်းဖြည်း နည်းပါးလာကြောင်း တွေ့ရသည်။
အလားတူပင် clade S သည်လည်း တဖြည်းဖြည်း လျော့နည်းလာလျက်ရှိသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် စပိန်နိုင်ငံကဲ့သို့ နေရာများတွင် အနည်းစုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ဗိုင်းရပ်၏ မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်စဉ်များကို မျက်ခြည်မပြတ်စောင့်ကြည့်လေ့လာခြင်းသည် လူတစ်ဦးနှင့်တစ်ဦး၊ ဒေသတစ်ခုနှင့် တစ်ခုအကြား၊ နိုင်ငံတစ်ခုနှင့်တစ်ခုအကြား ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေးအတွက် အရေးပါသည်။ ဤသုတေသနအရ ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် နေရာ၊ ဒေသအလိုက် ကွဲပြားခြားနားလျက်ရှိသော ဗိုင်းရပ်မျိုးရိုး ဗီဇကွဲပြားခြားနားမှုများအပေါ် အခြေခံပြီး ရောဂါကာကွယ်ရေး၊ ရှာဖွေရေးနှင့်ကုသရေးနည်းလမ်းများကို သုံးသပ်လေ့လာ ပြင်ဆင်သင့်ကြောင်း တိုက်တွန်းထားပါသည်။
ဒေါက်တာဇေယျာဝင်း