စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ၉၈ဝ စင်တီမီတာသို့ ရောက်ရှိလာနိုင်သောကြောင့် လူစီးရေယာဉ်လိုင်းများနှင့် ကုန်တင်ရေယာဉ်လိုင်း များအား သြဂုတ် ၂၁ ရက်မှစ၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း မုံရွာမြို့နယ်ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းထံမှ သိရသည်။
ထိုသို့ရေယာဉ်များ ရပ်နားခြင်းနှင့်ပတ်သက်၍''မော်တော်ရေယာဉ်တွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အဓိကထားပြီး ဆောင်ရွက်နေတာပါ။ တိုင်းဒေသကြီး အစိုးရအဖွဲ့က မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ် ၉၈ဝ စင်တီမီတာရောက်ရင် ပိတ်ဖို့ညွှန်ကြားထားတယ်။ ဒီနေ့က မုံရွာမြို့ရဲ့ ရေအမှတ်က ၉၃၆ စင်တီမီတာ ရောက်ရှိနေလို့ ဒီနေ့ အစည်းအဝေးလုပ်တယ်။ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ ၁ နာရီကို ၁ စင်တီမီတာတက်နေလို့ တိုးရေပဲရှိလို့ သြဂုတ် ၂၁ ရက်က စပြီး ရေယာဉ်တွေကို အသွားအလာ ရပ်ဆိုင်းသွားမှာပါ''ဟု မုံရွာမြို့နယ်ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူးက ပြောသည်။
မုံရွာမြို့၏ စိုးရိမ်ရေမှတ်မှာ ၁ဝဝဝ စင်တီမီတာ သတ်မှတ်ထားပြီး သြဂုတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ၉၃၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။
''နှစ်တိုင်းလည်းကြုံနေကျ။ နှစ်တိုင်းလည်း ဖြစ်နေကျဆိုတော့ ကျွန်တော်တို့အတွက်ထူးခြားဖြစ်စဉ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ခရီးသည်တွေ အန္တရာယ် ကင်းရှင်းစွာ နေ့တိုင်းပြေးဆွဲနေတယ်။ အခုလိုပိတ်လိုက်တော့ ခရီးသည် နည်းနည်းပါးပါးတော့ အခက်အခဲဖြစ်တာပေါ့။ ဒါပေမဲ့ တချို့ရွာတွေက ကားနဲ့ သွားလို့ရတယ်။ ကားနဲ့ သွားရတော့ အဆင်ပြေတယ်။ ကားနဲ့သွားမရတဲ့ ရွာတွေကတော့ အဆင်မပြေဘူး''ဟု အောင်စိုးမိုးကျော် အမြန်ရေယာဉ်ဂိတ်မှူး ဦးမျိုးမြင့်က ပြောသည်။
ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ အနေဖြင့် ခရီးသည်များ၏ အသက်အန္တရာယ်ဆုံးရှုံးမှု မရှိစေရန်၊ ကုန်စည်များ လေလွင့်ဆုံးရှုံးမှု မရှိစေရန်၊သတ်မှတ်ရေစူးရေမှတ်များ ကျော်လွန်ခြင်းမရှိစေရန်၊ COVID-19 ကြိုတင်ကာကွယ်ရေး
အတွက် သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရန် အစရှိသည့်အချက် ၁၇ ချက်နှင့်အညီ လိုက်နာဆောင်ရွက်စေရန် ခရီးသည်တင်၊ ကုန်တင်ရေယာဉ်များကို ရေယာဉ်စစ်ဆေးရေး အဖွဲ့များဖြင့် နေ့စဉ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းခရီးသည်တင် ရေယာဉ် အသင်း ၄၆ သင်း၊ အစင်းရေ၃၄၆ စင်းနှင့် ကုန်တင်ရေယာဉ်အသင်း ၁၉ သင်း၊ အစင်းရေ ၆ဝ၄ စင်းရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။