ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့်မိုင်းခတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့်လှိုင်းဘွဲ့မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့နှင့် အရာတော်မြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်စုစုပေါင်း ၁၄ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့၊ မွန်ပြည်နယ်၊  မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့နှင့် အရာတော်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်စုစုပေါင်း ၂၇ ကျောင်းရှိ သံဃာတော်များနှင့်  သာသနာနွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းင်းအပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နှင့်မိုင်းခတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကွင်းကောက်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့နှင့်အရာတော်မြို့တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော်သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။