အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)ဖြစ်စဉ်တွင် ဖမ်းဆီး ထိန်းသိမ်းထားသူများအား ဝန်ခံကတိဖြင့် ပြန်လည်စေလွှတ်

နေပြည်တော် ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)ရှေ့တွင် ဆူပူဆန္ဒပြသူများက နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့်  ဘဏ်ဝန်ထမ်းများအား ရုံးဆင်းချိန်တွင် တာဝန်ထမ်းဆောင်နေမှုနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ဆူပူနှောင့်ယှက်မှုများ ဆောင်ရွက်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် သတင်းအား ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်၌   ဖမ်းဆီးထိန်းသိမ်း ထားခဲ့သည့် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁ဝ ဦးတို့အား ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ရာမှ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့်     အဖွဲ့ဝင်များကသွားရောက်တွေ့ဆုံ၍ အကြီးအကဲများက သဘောထားကြီးစွာဖြင့် ပြန်လည်စေလွှတ်ခဲ့သူများကို ရှင်းလင်းပြောကြားပြီး ဆူပူဆန္ဒပြမှုများတွင် ထပ်မံပါဝင်မှုမရှိစေရန် ဝန်ခံကတိလက်မှတ် ရေးထိုးစေပြီး သက်ဆိုင်ရာ နေရပ်များသို့  ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း သတင်း ရရှိသည်။