ကမ္ဘာပေါ်တွင် မကူးစက်နိုင်သည့် ရောဂါများဆိုင်ရာ ဘတ်ဂျက် ခွင့်ပြုသည့်နိုင်ငံ ၄၇ နိုင်ငံ ရှိသည့်အနက် အာဆီယံ ဒေသအတွင်း ရှစ်နိုင်ငံပါရှိပြီး မိမိတို့ နိုင်ငံအနေနှင့် အဆိုပါဘတ်ဂျက် မရှိသေးကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အကြံပြု ဆွေးနွေး

နေပြည်တော်  သြဂုတ်  ၂ဝ၊ အမျိုးသားလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားကြသည့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဗိုလ်ကြီး ဒေါ်သဇင်လှိုင်က မိမိအနေနှင့် ဆေးပစ္စည်း ကိရိယာ ဥပဒေကြမ်းတွင်ပါသည့် ပုဒ်မ ၄ ပုဒ်မခွဲ(က)၊ ပုဒ်မ ၆ နှင့် ပုဒ်မ ၁၉ ပုဒ်မခွဲ (က) တို့ကို ပြင်ဆင်ရန် ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ မိမိအနေနှင့် ပုဒ်မ ၄ (က) ကို ''ပြည်ထောင်စုအစိုးရ အဖွဲ့သည် ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးစီးဌာန၏ညွှန်ကြားရေးမှူး ချုပ်ကို အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ နိုင်ငံသား ကျွမ်းကျင်ပညာရှင်များကို  အဖွဲ့ဝင်များအဖြစ် လည်းကောင်း ပါဝင်စေလျက် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးထက်မပိုသည့် အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းရမည်''ဟူ၍ ပြင်ဆင်လိုကြောင်း၊ ကျိုးကြောင်းဖော်ပြချက် အနေနှင့် နိုင်ငံသားဆိုသည်မှာ အခွင့်အရေးနှင့် တာဝန်များကို ပိုင်ဆိုင် သယ်ပိုးထားသည့် နိုင်ငံရေး အသိုက်အဝန်း တစ်ခု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ထို့ပြင် ယင်းပုဒ်မသည် အာဏာပိုင်အဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းနှင့် သက်ဆိုင်သည့် ပုဒ်မဖြစ်သည့်အတွက် နိုင်ငံသား ကျွမ်းကျင်ပညာရှင်များ ဟူ၍ ဥပဒေတွင် တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းပေးလိုက်သည်မှာ မိမိနိုင်ငံမှ နိုင်ငံသား ကျွမ်းကျင်ပညာရှင်များကို အာဏာပိုင်အဖွဲ့မှာ တာဝန်ပေးအပ်လိုက်သည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုပြီးထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်၍ ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း။

ဆက်လက်ပြီး ပုဒ်မ ၆ ကို ဆွေးနွေးသွားမှာ ဖြစ်ပြီး မိမိအနေနှင့် ''အာဏာပိုင်အဖွဲ့သည် မိမိ၏ လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို  အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအားလွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်''ဟု ပြင်ဆင်လိုကြောင်း၊ ကျိုးကြောင်း ဖော်ပြချက်အနေနှင့် ထိုဥပဒေပုဒ်မ ၅ မှာ အာဏာပိုင်အဖွဲ့၏ လုပ်ငန်းတာဝန်(၈)ချက်ကို ပြဋ္ဌာန်းထားသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ယင်းများပြားလှသည့် လုပ်ငန်းတာဝန်အားလုံးကို  အဖွဲ့အစည်းတစ်ရပ်ရပ်  သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို လွှဲအပ်လိုက်မည်ဆိုလျှင် ဗဟိုဦးစီးစနစ်ကို ဦးတည်သွားနိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများ အားနည်းလာနိုင်သည့် အတွက် အာဏာပိုင်အဖွဲ့အနေနှင့် မိမိ၏ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကိုသာ အဖွဲ့အစည်း တစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို လွှဲအပ်ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊  ထို့ပြင်  ယင်းပုဒ်မသည် ပုဒ်မ ၄ နှင့် ဆက်စပ်နေသည့် အတွက် ပုဒ်မ ၄ တွင် နိုင်ငံခြားသား ပုဂ္ဂိုလ်တစ်ဦးဦးကိုသာ  တာဝန်ပေးအပ်လိုက်မည်ဆိုလျှင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုထိခိုက်စေနိုင်သည့် အတွက်   ပြင်ဆင်ရခြင်း ဖြစ်ကြောင်း။

ပုဒ်မ ၁၉  ပုဒ်မခွဲ(က) ကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး  မိမိအနေနှင့် ''သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  သို့မဟုတ် ဝန်ကြီးဌာနနှင့် သဘောတူညီချက် ရယူထားသည့် သင်ကြားကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊  သုတေသနလုပ်ငန်းများအတွက်  အသုံးပြုရန် လိုအပ်ပါက  နိုင်ငံအတွင်း မှတ်ပုံတင်ထားခြင်း မရှိသော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့  အသိအမှတ်ပြု သို့မဟုတ် အမျိုးသားစံချိန် စံညွှန်းကောင်စီ

မှ သတ်မှတ်ထားသည့် ဆေးပစ္စည်းကိရိယာကို ပြည်တွင်း၌အသုံးပြုရန် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ယာယီအသုံးပြုခွင့်ကို ကာလသတ်မှတ်၍ အသုံးပြုနိုင်သည်''ဟု ပြင်ဆင်လိုကြောင်း၊ ကျိုးကြောင်းဖော်ပြချက် အနေနှင့် အာဆီယံဆေးပစ္စည်း ကိရိယာ

ဆိုင်ရာ သဘောတူညီချက် အပိုဒ် ၃ မှာ ''ဆေးပစ္စည်းကိရိယာများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ အခြေခံမူများ'' ကို ထည့်သွင်းထားသည့် အတွက်ကြောင့် မြန်မာနိုင်ငံ အနေနှင့်လည်း မည်သည့် ရည်ရွယ်ချက်နှင့်ဖြစ်ဖြစ် အသုံး ပြုမည့်  ဆေးပစ္စည်း ကိရိယာများသည် လူနာနှင့် အသုံးပြုသူများအတွက်  ဘေး အန္တရာယ်ကင်းရှင်းပြီး  လုံခြုံမှု ရှိစေရန် လိုအပ်မှာဖြစ်ကြောင်း၊ ထို့ပြင် ယင်းဥပဒေ ၏ ပုဒ်မ ၃ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(င)ထိ ရည်ရွယ်ချက်(၅)ချက်ကို အကောင်အထည်ဖော်ရာမရောက် သွေဖည်နေသည့်အတွက် ပြင်ဆင်ရခြင်းဖြစ်ကြောင်း။

ဆေးပစ္စည်းကိရိယာများထဲက (အထူးသဖြင့် နှလုံးခုန်စက်နှင့်  အရိုး၊ အဆစ်အစားထိုး ပစ္စည်းများ) ထည့်သွင်းကုသရာမှ ဖြစ်ပေါ်ခဲ့သည့် ဆိုးကျိုးဖြစ်ရပ်များကို အဓိကထား စမ်းသပ်ထားသည့်  အချက်အလက်များကို တင်ပြရမည်ဆိုလျှင် Guardian Report  အရ UK နိုင်ငံတစ်ခုတည်းမှာပင် ၂ဝ၁၅ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အတွင်း ဆေးပစ္စည်းကိရိယာ အသုံးပြုရာမှ ဆိုးကျိုးဖြစ်ရပ်ဖြစ်ပေါ်မှု ၆၂ဝဝဝ ရှိခဲ့ပြီး သေဆုံးသူ လူနာ ၁ဝဝ၄ ဦးရှိခဲ့ကြောင်း၊ ထို့ပြင့်ှ US FDA၏ မှတ်တမ်းများအရ လွန်ခဲ့သည့် ၁ဝ နှစ်အတွင်း ဆိုးကျိုးဖြစ်ရပ်ဖြစ်ပေါ်မှု ၅ ဒသမ ၄ သန်းရှိခဲ့ရာ ၁ ဒသမ ၇ သန်းမှာ ဘေးအန္တရာယ်ရှိသည့် ဆေးပစ္စည်း ကိရိယာများကို အသုံးပြုခဲ့သည့်အတွက် ကြောင့်ဖြစ်ပြီး သေဆုံးသူ ၈၃ဝဝဝ ဦး ရှိခဲ့သည်ကို ွူသဘေူ ှုညလနျအငါအေငသည အရ  သိရှိရကြောင်း၊  ယင်းဆိုးကျိုး ဖြစ်ရပ်ဖြစ်ပေါ် မှုများရှိခဲ့ဖူးသည့်အတွက်   ဆေးပစ္စည်း ကိရိယာများ၏ ဘေးအန္တရာယ်ကင်းရှင်းမှု၊ စွမ်းဆောင်နိုင်မှုနှင့် အရည်အသွေးအာမခံနိုင်မှု စသည်များမှာ အရေးကြီးကြောင်း သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူနာနှင့်အသုံးပြုသူများဘေးအန္တရာယ် ကင်းရှင်းစေရန် ပုဒ်မ ၁၉ (က)  ကို ပြင်ဆင်ရခြင်းဖြစ်ကြောင်း။

ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းတွင်ပါသည့် ပုဒ်မ ၄ ပုဒ်မခွဲ(က)၊ ပုဒ်မ ၆၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(က) တို့နှင့်စပ်လျဉ်းပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန်နှင့် အများပြည်သူ လုံခြုံရေးအတွက် အစားထိုးပြင်ဆင်သင့်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ ''ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချခြင်းနှင့်ကာကွယ်တားဆီးရေး လုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု'' အစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်ဝင်းသီရိဆွေက WHO   ၏ "Cancer Country Profile 2020" စာရင်းများအရ မိမိတို့နိုင်ငံတွင် ၂ဝ၁၈ ခုနှစ် အတွင်းမှာ ကင်ဆာဖြစ်ပွားသူ အရေအတွက်သည် ၆၉၅၅၄ ဦးရှိခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ၅၁ဝ၅၉ ဦးရှိသည်ကို  လေ့လာတွေ့ရှိရကြောင်း၊ ထိုအထဲတွင် အဖြစ်အများဆုံး ကင်ဆာများမှာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊  သားအိမ်ခေါင်းကင်ဆာ၊  ရင်သားကင်ဆာနှင့်  အသည်းကင်ဆာများဖြစ်ပြီး ၂ဝ၁၈ ဒေတာများအရ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်  သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားသူ ၆၄၇၂ ဦးထိရှိသည်ကိုတွေ့ရှိရကြောင်း၊   တစ်ကမ္ဘာလုံးတွင်လည်း   သားအိမ်ခေါင်း ကင်ဆာကြောင့် ၂ မိနစ်တိုင်း  အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးနေသည်ကို တွေ့ရကြောင်း၊ ကင်ဆာရောဂါသည် ဖြစ်ချိန်မှ ကုသခြင်းထက် မဖြစ်ခင်က ကြိုတင်စစ်ဆေးမှုများလုပ်နိုင်သည့်  ရောဂါဖြစ်ပြီး   မည်သည့်အရာတွေက ကင်ဆာရောဂါကိုဖြစ်စေနိုင်သနည်း၊ မည်သို့ကာကွယ်မည်လဲ၊ မည်သို့ကြပ်မတ် ထိန်းချုပ်မည်လဲ   ဆိုသည့်အချက်များမှာ အလွန်အရေးကြီးကြောင်း။

အစီရင်ခံစာ၏နိဒါန်း   အပိုဒ်(၂)တွင် ဖော်ပြထားသည့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်အလွန်အကျွံ  သောက်သုံးမှုများအတွက် အခွန်တိုးမြှင့် သတ်မှတ်ရန် အကြံပြုထားသည်ကို တွေ့ရကြောင်း၊  ထို့ပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ၂ဝဝ၆ ကို ပြဋ္ဌာန်းထားသော်လည်း လိုက်နာမှု အားနည်းခဲ့ခြင်း၊ ၂ဝ၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက ်ဥပဒေအရ အခွန်နှုန်းထားများတိုးမြှင့် ကောက်ခံထားမှုများ တွေ့ရကြောင်း၊ အခွန်များ တိုးကောက်နေသော်လည်း နှစ်အလိုက် သိသိသာသာ ပြောင်းလဲသွား သည်မျိုးမတွေ့ရကြောင်း၊ အနာနှင့်ဆေး မတည့်သလိုမျိုးဖြစ်နေပြီး ကင်ဆာဖြစ်ပွားမှုနှုန်းကို အမှန်တကယ် ကျဆင်းစေချင်လျှင် ၎င်းတို့ကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အဓိက တာဝန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကော်မတီ အနေနှင့်လည်း ထိုအချက်များကို ထိထိရောက်ရောက် ဆောင်ရွက်ရန် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြရန် အကြံပြုလိုကြောင်း။

အစီရင်ခံစာကို ခြုံကြည့်မည်ဆိုလျှင် အများဆုံးဖြစ်သည့် အဆုတ်ကင်ဆာကို အဓိကဖော်ပြထားသည်ကို တွေ့ရကြောင်း၊ အမျိုးသမီးများမှာလည်း အဖြစ်များသည့် ကင်ဆာထဲတွင် ပါသည့် သားအိမ်ခေါင်း ကင်ဆာမှာလည်း ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ဆက်စပ်နေသည့် ကင်ဆာတစ်ခုဖြစ်ပြီး ယင်းကင်ဆာသည် တခြားကင်ဆာများနှင့်မတူ ကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်သလို  ရောဂါမဖြစ်ခင်ကတည်းက  ကြိုတင်စစ်ဆေးနိုင်သည့်  ကင်ဆာအမျိုးအစားထဲတွင် ပါကြောင်း၊ ထို့ကြောင့် ထိရောက်

သည့် ပညာပေး အစီအစဉ်များ၊ Cancer Screening Program များကိုဆောင်ရွက်ရန်  အထူး လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံမှာလည်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို National Immunization Programme အနေဖြင့်  စတင်မည်ဖြစ်သည်ကို  သိရှိရကြောင်း၊ ထိုနေရာမှာလည်း ထိရောက်သည့် ပညာပေးမှုအပိုင်းနှင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားသည့် ရာခိုင်နှုန်းနှင့် ကာကွယ် ဆေးကို လူထု၏မည်သည့်ရာခိုင်နှုန်းထိ Coverage ရနိုင်မည်နည်း၊ ရေရှည်မည်မျှ လောက်ထိ ဆောင်ရွက်နိုင်မည်နည်း စသည့်လေ့လာတွေ့ရှိချက်တွေကို ကော်မတီအနေဖြင့်လည်း အစီရင်ခံစာမှာ တိတိကျကျဖော်ပြစေလိုကြောင်း။

အစီရင်ခံစာ အပိုဒ် ၂၆ မှာဖော်ပြထား သည့် ကင်ဆာရောဂါ ကာကွယ်ကုသရေး အတွက် ဘတ်ဂျက် မလုံလောက်ခြင်းများ၊ ဆေးဝါးဝယ်ယူရန် ၂ဝ၁၈-၂ဝ၁၉ မှာ ငွေကျပ် ၉ ဘီလီယံ တောင်းခံခဲ့သော်လည်း ၃ ဘီလီယံသာ ရရှိခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မကူးစက်နိုင်သည့် ရောဂါများဆိုင်ရာ ဘတ်ဂျက်ခွင့်ပြုသည့် နိုင်ငံ ၄၇ နိုင်ငံ ရှိသည့်အနက် အာဆီယံဒေသတွင်း ရှစ်နိုင်ငံပါရှိပြီး မိမိတို့နိုင်ငံ အနေနှင့် အဆိုပါဘတ် ဂျက် မရှိသေးကြောင်း၊ ယခုလက်ရှိ ကုသနေသည့် ကင်ဆာရောဂါဝေဒနာရှင်များ၏ ကုန်ကျစရိတ်ကို တွက်ကြည့်မည်ဆိုလျှင် ပထမတစ်ကြိမ် ဆေးကုသမှုအတွက် ငွေကျပ် သုံးသိန်းမှ ခြောက်သိန်းထိကုန်ကျပြီး ၎င်းလူနာမှာ အနည်းဆုံးခြောက်လဆက်တိုက် ဆေးကုသမှုလိုအပ်သည့်အတွက် ၁၈ သိန်း မှ ၃၆ သိန်းထိ ကုန်ကျနိုင်မည်ဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်ကုသမှု စရိတ်အတွက် တစ်ကြိမ်ကို ၁၂၅ဝဝဝ ကျပ် မှ ၁၈ဝဝဝဝ ကျပ်ထိ ကုန်ကျမည်ဖြစ်သောကြောင့် လူနာအတွက် အရမ်းကိုဝန်ထုပ်ဝန်ပိုးဖြစ်ရပြီး ယင်းကုန်ကျစရိတ်များမှာ အလယ်အလတ် လူတန်းစားများ၏ ဝင်ငွေနှင့် ကုသရန် ခက်ခဲသည့် အခြေအနေတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ကင်ဆာရောဂါအတွက် လိုအပ်သည့်ဘတ်ဂျက်ငွေများကို    ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်ရန် လိုအပ်ကြောင်း။

အစီရင်ခံစာ အပိုဒ် ၄၄ ပါ အကြံပြုချက်များထဲက Linear Accelerator စက်တွေကို့ Upgrade လုပ်ရန် ဘတ်ဂျက်တွေ၊ စက်အသစ်တွေ အစားထိုးတပ်ဆင်ရန် လိုအပ်သည့် ဘတ်ဂျက်တွေ၊ LA စက်တစ်ခု ၏ လက်ရှိပျမ်းမျှတန်ဖိုးမှာလည်း ခန့်မှန်းခြေ ငွေကျပ်သိန်း သုံးသောင်းရှိပြီး စက်ပစ္စည်း ထိန်းသိမ်းစရိတ်အတွက်   လိုအပ်မည့် ဘတ်ဂျက်နှင့် ယင်းဘတ်ဂျက်များကို ရရှိထားသည့် ဘဏ္ဍာငွေများထဲက လျာထားဆောင်ရွက်နိုင်ရန်  အကြံပြု တိုက်တွန်းလိုကြောင်း၊ အသုံးပြုပြီးသားစက်များကို တခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်တို့မှာရှိသည့် ဆေးရုံများကို လွှဲပြောင်းပေးရန် အကြံပြုထားသည်ကို တွေ့ရကြောင်း၊ ထိုနေရာမှာ စက်များကို လွှဲပေးလိုက်ရုံနှင့် အဆင်မပြေနိုင်ကြောင်း၊ ဓာတ်ရောင်ခြည်စက် အသုံးပြုမည် ဆိုလျှင်    အခြေခံလိုအပ်ချက်ဖြစ်သည့် အဆောက်အဦကအစ စနစ်တကျတည်ဆောက်ရသည်မျိုး၊ ရှိပြီးသား အခန်းမှာထားပြီး သုံးလို့ရသည့် စက်မျိုးမဟုတ်ကြောင်း၊ ထို့အတွက် အဆောက်အအုံ ကုန်ကျစရိတ် အနေနှင့် ခန့်မှန်းခြေ ငွေကျပ်သိန်း ၂ဝဝဝ မှ ၃ဝဝဝ ကြားရှိပြီး Brachytherapy စက်အတွက်လိုအပ်သည့်  ရေဒီယိုသတ္တိကြွ ပစ္စည်းများ ထိုအရာတွေက ငါးနှစ် တစ်ကြိမ် Source အသစ်များ လဲရမည်ဖြစ်ကြောင်း၊ ထို့အတွက် ကုန်ကျစရိတ်အနေနှင့် သိန်း ၂ဝဝဝ  ဝန်းကျင်ရှိပြီး  ရေဒီယိုသတ္တိကြွပစ္စည်းများကို ပြန်လည်စွန့်ပစ်ရန် လိုအပ်သည့် ကုန်ကျစရိတ်များကိုပါ  ထည့်သွင်း စဉ်းစားထားရန် လိုအပ်ကြောင်း၊ ၂ဝ၁၈ စစ်တမ်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရှိသည့် ကင်ဆာရောဂါ ကုသမှုဌာနမှာ ပျမ်းမျှလူနာ ၁ဝဝဝဝ နှင့် အတွင်းလူနာ ၇၃ဝဝ  ကုသခဲ့သည်ကို  သိရှိရကြောင်း၊ IAEA ၏ စံသတ်မှတ်ချက်တွေ အရဆိုလျှင် လူဦးရေ နှစ်သိန်းခွဲမှာ Teletherapy Unit တစ်ခု၊ Radiation Oncologist တစ်ဦး၊ Medical Physicist တစ်ဦးနှင့် Radiotherapist နှစ်ဦးရှိရမှာ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ အနေနှင့် ယင်းစံသတ်မှတ်ချက်များနှင့် ကိုက်ညီရန် ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာပါ ထိုအချက်များကို ထည့်သွင်း စဉ်းစားရမှာဖြစ်ပြီး ဆေးရုံအတွက် နေရာရွေးချယ်သည့် နေရာမှာလည်း ဘယ်လိုစံတွေနှင့် ရွေးချယ်မည်လဲ၊ ရောဂါဖြစ်ပွားမှု အနည်းအများနှင့်လား၊ နေရာဒေသ အကျယ်အဝန်းနှင့်လား ဒါတွေပါ ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်ကြောင်း။

နိုင်ငံတော်အနေနှင့်  ကင်ဆာရောဂါအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက် လျာထား ဆောင်ရွက်နိုင်ရန်၊ လိုအပ်သည့် စက်ပစ္စည်း၊  ဆေးဝါးနှင့်  နည်းပညာပိုင်းဆိုင်ရာများ ဖြည့်ဆည်းပေးနိုင်ရန်၊ လွှတ်တော်အနေနှင့်လည်း ကင်ဆာရောဂါ အားလုံးကို လွှမ်းခြုံနိုင်မည့် ကာကွယ်တားဆီးရေးနှင့် ပတ်သက်သည့် မူဝါဒများ၊ ဥပဒေများကို ထိထိရောက်ရောက် ပြဋ္ဌာန်းပေးနိုင်ရန်၊ ကင်ဆာရောဂါ ဝေဒနာရှင်များအတွက် ငွေကုန်ကြေးကျ သက်သာရန်၊ ရောဂါကုသသည့် နေရာတွင် အာမခံချက်များ ပေးနိုင်ရန်၊ ပညာပေးမှုအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရန်  သက်ဆိုင်ရာအဖွဲ့အစည်းများအား အကြံပြုတိုက်တွန်း ဆွေးနွေးသည်။

ထို့နောက် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို သြဂုတ် ၂၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။