ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန် လဲလှယ် ထမ်းဆောင် မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ (၁၄)ကြိမ်မြောက် ထွက်ခွာ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၈

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် နိုင်ရန် ဖွင့်လှစ် ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး) တွင် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများနှင့် ဆေးမှူး ဆရာဝန်များပါဝင်သော ဆေးအဖွဲ့များက ပါဝင်ကူညီ တာဝန် ထမ်းဆောင်လျက်ရှိသည်။

အဆိုပါလှည်းကူးမြို့နယ် COVID-19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် (၁၃)ကြိမ်မြောက် အဖြစ် သွားရောက် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးဆရာဝန်များ စုစုပေါင်း ၄ဝ ဦးနှင့် တာဝန် လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မ တော် ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ က သွားရောက်တွေ့ဆုံအမှာစကားပြောကြား သည်။   ထို့နောက်   သွားရောက်တာဝန် ထမ်းဆောင်မည့်  ဆေးဝန် ထမ်း တပ်ဖွဲ့ဝင်များ ကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်သည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်း အခြေ အနေများကို ရှင်းလင်းတင်ပြသည်။  

ထို့နောက် တိုင်းမှူးက ဆေးဝန်ထမ်းအဖွဲ့အား    စားသောက်ဖွယ်ရာများပေးအပ်သည်။

လှည်းကူးမြို့နယ် COVID-19 ရောဂါ ကုသရေးဌာန(ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ကြမည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် များတွင် မေ့ဆေးပါရဂူ သုံးဦး၊ အဏုဇီဝ ပါရဂူ တစ်ဦး၊ ဆေးကုသမှုပါရဂူ ခြောက်ဦး၊ ခွဲစိတ်ပါရဂူ ခုနစ်ဦး၊ ဆေးမှူးဆရာဝန်နှစ်ဦးနှင့် သူနာပြုအရာရှိ ၂၂ ဦး စုစုပေါင်း ၄၁ ဦးတို့ပါဝင်ပြီ ၎င်းတို့သည် အများ ပြည်သူများ အခက်အခဲကြုံတွေ့ပြီး    စိုးရိမ်စိတ်များ မြင့်တက်နေချိန်တွင် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်၊ ကုသနိုင်ရန်  ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင်  တပ်မတော် ဆေးတက္ကသိုလ်မှ COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ COVID-19 ရောဂါကုသရေး ဌာန(ဖောင်ကြီး)အား ၂ဝ၂ဝ ပြည့်နှစ်၊ မေ ၇ ရက်မှစတင်၍ COVID-19  ရောဂါပိုးတွေ့လူနာများအား ကုသပေးခဲ့ပြီး ယခုအခါ ရောဂါပိုးတွေ့ရှိသူ လျော့နည်းလာသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပိတ်သိမ်းခဲ့ရာ ယနေ့တွင် တပ်မတော်မှ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ၄၁ ဦးနှင့် ဒေသခံ Volunteer ၂ဝ ဦးတို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့၊ ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီတို့နှင့် ပူးပေါင်း၍ COVID-19 ရောဂါ ပိုးတွေ့လူနာများအား  အဆိုပါ ဆေးရုံ၌ ဆက်လက် လက်ခံကုသမှု များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။