ရန်ကုန်၊ ဘောလုံး
၂၀၂၁ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဧပြီတတိယပတ်တွင် စတင် ကျင်းပရန်လျာထားသော်လည်း အပြောင်းအလဲ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
မူလက လိဂ်-၁ အမှတ်ပေးဘောလုံး ပြိုင်ပွဲကို ဧပြီလမှ စက်တင်ဘာလအထိကျင်းပရန်စီစဉ်ထားပြီး COVID-19 ရောဂါအခြေအနေပေါ်မူတည်၍ ကျင်းပမည်ဖြစ်ကြောင်း လိဂ်ကော်မတီမှ ထုတ်ပြန်ထားသည်။
၂၀၂၁ ဘောလုံးရာသီ လိဂ်-၁ ၌ ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ စစ်ကိုင်းယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ချင်းလန်းနှင့် မြဝတီ အသင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း လိဂ်ကော်မတီက အတည်ပြု ဆုံးဖြတ်ထားသည်။
လိဂ်-၁ ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို ရန်ကုန်မြို့၌သာ အခြေပြုကျင်းပရန်နှင့် ဒုတိယအကျော့ကို COVID-19 ရောဂါအခြေအနေပေါ်မူတည်ကာ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ကျင်းပရန် လိဂ်ကော်မတီက ဆုံးဖြတ်ထားသည်။
လိဂ်-၁ အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက် ရှိပြီး ၂၀၂၀ ဘောလုံးရာသီအထိ ၁၂ နှစ်တိုင် ကျင်းပခဲ့ပြီးဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ကျင်းပပြီးခဲ့သည့် ၁၂ နှစ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းက ချန်ပီယံဆု ငါးကြိမ် ဗိုလ်စွဲကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ရတနာပုံအသင်းက လေးကြိမ်နှင့် ရှမ်းယူနိုက်တက် အသင်းက သုံးကြိမ်ဗိုလ်စွဲထားကြောင်း သိရသည်။
ကိုရဲ