အရပ်သားဆရာဝန်များနှင့် သူနာပြုများ မရှိ၍ ဆေးကုသရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် သာစည်မြို့နယ် ဟံဇားတိုက်နယ်ဆေးရုံသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၉

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဟံဇားတိုက်နယ်ဆေးရုံ၌ ဆရာဝန်များနှင့် သူနာပြုများက ၎င်းတို့၏ လုပ်ငန်းများ ပျက်ကွက်လျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် ဆေးကုသမှုခံယူရန်အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသဖြင့် ဆေးရုံမှ တာဝန်ရှိသူများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက် ကုသပေးနိုင်ပါရန် အကူအညီတောင်းခံ လာခဲ့သဖြင့် မိတ္ထီလာမြို့ တပ်မတော်ဆေးရုံမှ ၊ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့အား ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ စေလွှတ်ပေးခဲ့ပြီး ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ယနေ့တို့တွင် တပ်မတော် ဆေးကုသမရေး အဖွဲ့က ဒေသခံပြည်သူ ၁၄၈ ဦးတို့ကို အရိုးအကြောရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။