ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား Covid-19  ရောဂါကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉

    

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ကုမာရာဘိဝံသနှင့် နိုင်ငံတော်သြဝါဒါစရိယ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္ဒဝိစာရိန္ဒာဘိဝံသတို့ အမှူးပြုသော မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၂၇ ပါးကို ယနေ့နေ့လယ်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၌  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆေးအဖွဲ့က ကျန်းမာရေး စစ်ဆေးပေးပြီး ပထမအကြိမ်အဖြစ် Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

   

ယင်းသို့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား Covid-19  ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညိုကြသည်။

   

အလားတူ နိုင်ငံတော်သြဝါဒါစရိယ၊ အင်းစိန်ရွာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသ နှင့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ နှင့် နာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၄၇ ပါးတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘုရားခန်း၌  ရန်ကုန်တိုင်း စစ်ဌာနချုပ် ဆေးအဖွဲ့က ကျန်းမာရေး စစ်ဆေးပေးပြီး ပထမအကြိမ်အဖြစ် Covid-19  ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။

   

ထိုသို့ ဆရာတော်ကြီးများအား Covid-19  ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။