ငွေကြေးလည်ပတ်မှု ကောင်းမွန်လျက်ရှိ

အယ်ဒီတာ့ အာဘော်

(၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်)

တပ်မတော်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် မပျက်ယွင်းစေရေးအတွက် နိုင်ငံတော် ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဟူသော မဏ္ဍိုင်သုံးရပ်ကို ဦးဆောင်ပေးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တပ်မတော်က အာဏာသိမ်းခြင်း မဟုတ်သည်မှာ ထင်ရှားလှသည်။ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှု ထင်ထင်ရှားရှား ရှိနေသည်ကို ပြေလည်အောင် ဖြေရှင်း ပေးမှု မရှိခြင်းကြောင့်သာ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့တာဝန်ယူရခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အရေးပေါ်ကာလအတွင်း ရှေ့ဆက်လုပ်ဆောင်မည့်အချက် (Road Map) ၅ချက်နှင့်အညီ ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်လျက်ရှိသည်။ ဤသည်ကို ကျေနပ်မှု မရှိသော ဆူပူလိုသူအဖျက်သမားများနှင့် ပြည်ပ၏ထောက်ပံ့ကူညီမှုဖြင့် ရပ်တည်လှုပ်ရှားနေရသူ တို့သည် နိုင်ငံ အတွင်း မတည်မငြိမ်ဖြစ်အောင် ကောလာဟလ အမျိုးမျိုးကို တီထွင်ဖန်တီး ထုတ်လွှင့်လျက်ရှိသည်။

ပထမဆုံးပေါ်ပေါက်သော ကောလာဟလမှာ နိုင်ငံတော်အတွင်း လည်ပတ်သုံးစွဲနေသော ငွေကျပ် တစ်သောင်း တန်၊ ငါးထောင်တန်များအား တရားမဝင်ငွေကြေးအဖြစ် ကြေညာတော့မည်ဟူသော ထုတ်လွှင့် ချက်ဖြစ်သည်။

လူ့ဘဝတွင် စားဝတ်နေရေးအတွက် ငွေကြေးသည်အဓိကဖြစ်ပေရာ မသိနားမလည်သူတို့က အဖျက်သမားတို့၏ ထုတ်လွှင့် ချက်ကို ယုံကြည်မိပေလိမ့်မည်။ အမှန်တကယ် ဗဟုသုတနှင့်ပြည့်စုံသူတို့ကမူ ဤကောလာဟလသည် ရယ်စရာ ဟာသတစ်ခုသာဖြစ်သည်။ အဘယ်ကြောင့် ရီ(ရယ်)စရာဟုဆိုရလျှင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တရားဝင် သတ်မှတ်ပြဋ္ဌာန်းချက်ကို သိထားသောကြောင့်ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆(င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု... ဟူ၍ နိုင်ငံတော်၏ အခြေခံမူများတွင် တိတိကျကျ ခိုင်ခိုင်မာမာပြဋ္ဌာန်း ပေးထားသည်။ လက်ရှိနိုင်ငံတော်အစိုးရသည် ထိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရတစ်ရပ်သာ ဖြစ်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရတွင် ဘဏ္ဍာရေး အခက်အခဲ လုံးဝမရှိပါ။ ငွေကြေး စီးဆင်းမှုသည် လည် ပတ်မြဲ လည်ပတ်လျက်ရှိသည်။ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများပေးရန် ငွေကြေး ဆိုသည်မှာလည်း သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ် ထားရှိပြီးဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာနှင့်စရိတ်များသတ်မှတ်ချက်အတိုင်း ထုတ်ပေး သွားမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူသို့အသိပေး ချက်ထုတ်ပြန် ထားသည်။ အဆိုပါထုတ်ပြန်ချက်တွင် CDM အဖျက်အမှောင့်ပြု လုပ်နေသော မသမာသူ အချို့အနေဖြင့် နိုင်ငံ့ ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများအား လစာပေးတော့မည်မဟုတ်ကြောင်း အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် ကောလာဟလ သတင်းများထုတ်လွှင့်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ယင်းကောလာဟလများ အပေါ် စိုးရိမ်ကြောင့်ကြမှု မရှိဘဲ နိုင်ငံတော်နှင့် ပြည်သူအပေါ် တာဝန်ကျေပွန်စွာဖြင့် မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်သွားပါရန်နှင့် လစာစရိတ်များ သတ်မှတ်ချက် အတိုင်း ထုတ်ပေးသွား မည်ဖြစ်ပါကြောင်း အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယနေ့ထုတ် ၂ဝ-၂-၂ဝ၂၁ နိုင်ငံပိုင်သတင်းစာများ၌ မြန်မာ့စီးပွားရေးဘဏ်က နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် စရိတ်များ ထုတ်ယူနိုင်ရန် ဌာနဆိုင်ရာများအနေဖြင့် သတ်မှတ်ထားသည့်နေ့ရက်များအတိုင်း ပုံမှန်လစာ ထုတ်ယူနိုင်ရေးကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လ စာငွေများအား  လစဉ် (၂၁) ရက်တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ် (၂၁) ရက်နောက်ပိုင်း  ဘဏ်ဖွင့် သည့်ရက်များတွင် ထုတ်ယူခြင်း၊ Mobile Money စနစ် အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်း တို့ကို အဆင်ပြေစွာ ထုတ်ယူနိုင်ပါကြောင်း အသိပေး ပန်ကြားထားသည်။

ထို့ကြောင့် နိုင်ငံတော်၏ ငွေကြေးစီးဆင်းမှု၊ နိုင်ငံ့ ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများ၏ လစာစရိတ် ထုတ် ပေးမှု ကောလာဟလများ မယုံကြည်ကြရန် မြဝတီက ထပ်လောင်းနှိုးဆော် လိုက်ရပေသည်။  ။