မန္တလေးမြို့၊ ဂေါဝန် ဆိပ်ကမ်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

မန္တလေးမြို့၊ ဂေါဝန် ဆိပ်ကမ်းတွင် မန္တလေးမှ ဗန်းမော်သို့ သွားရောက်ရန်ရှိ သည့် ပြည်တွင်းရေကြောင်း ပို့ဆောင် ရေး ဧရာဝတီ ဌာနခွဲပိုင် ရေယာဉ်နှစ်စင်းအား မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ရှိ CDM လှုပ်ရှားသူများက ရေယာဉ်များ မထွက်ခွာ နိုင်စေရေး ရန်လိုသည့် အပြုအမူဖြင့် အကြောင်းမဲ့ နှောင့်ယှက် တားဆီးရာမှ စတင် ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ  ၂ဝ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

ထိုကဲ့သို့ဖြစ်စဉ်များဖြစ်ပွားနေစဉ် ၎င်းနယ်မြေတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် များက သွားရောက်၍ လိုအပ်သည့် ညှိနှိုင်းမှုများဆောင် ရွက်ခဲ့သော်လည်း   ပြေလည်မှုမရရှိခဲ့ဘဲ ရေယာဉ် ထွက်ခွာမှုမရှိစေရေး ဝိုင်းဝန်းအော်ဟစ်၍ ဆန္ဒပြခြင်း၊ အကြမ်းဖက်မည့် အခြေအနေများ စတင်ဖြစ်ပေါ် လာခြင်း တို့ကြောင့် အခြေအနေအား ထိန်းသိမ်းနိုင်ရန်အတွက် လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များကို ထပ်မံပူးပေါင်းစေခဲ့ပြီး ထုတ်ပြန်ထားသည့် တရားဥပဒေများကို လေးစားလိုက်နာရေး၊ ပိတ်ဆို့ထားသည့် အတား အဆီးများကို ဖယ်ရှားပေးရေး စသည်တို့ကို  အသံချဲ့စက်ဖြင့်  သတိပေးခြင်း၊ တာဝန်ရှိသူများက သွား ရောက် ညှိနှိုင်း ဆွေးနွေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ခဲ့ပါသည်။

သို့ရာတွင် ဆန္ဒပြသူများအတွင်း ပါရှိလာသည့် ဆူပူအကြမ်းဖက် လိုသူအချို့က လုံခြုံရေး တပ်ဖွဲ့ဝင်များကို အော်ဟစ်၍ ရန်စဆဲဆိုခြင်း၊ အုတ်ခဲ၊ ကျောက်ခဲ၊ လေးခွများ၊ မှိန်းများ အသုံးပြု၍ ရန်စတိုက်ခိုက်ခြင်းများကို ဆောင်ရွက် လာသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အသံချဲ့စက်အသုံးပြု ၍ အကြမ်းဖက် ဆောင်ရွက်မှုများ ရပ်တန့်ရန်၊ လူစုခွဲရန်တို့ကို ထပ်မံသတိပေးခဲ့ပြီး ဆူပူအကြမ်းဖက်သူများမှ လိုက်နာဆောင် ရွက်ခြင်း မရှိသည့်အတွက် Water Cannon အသုံးပြု၍ အနည်းဆုံး အင်အား၊ အနိမ့်ဆုံး အဆင့်ဖြင့်  ဆူပူအကြမ်း ဖက်သူ များကို  ဥပဒေနှင့်အညီ ဖြိုခွဲခြင်း ဆောင်ရွက်ခဲ့ပါသည်။

သို့ရာတွင်  ဆူပူအကြမ်းဖက် သူများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များကို အုတ်ခဲ၊ ကျောက်ခဲ၊ လေးခွများ၊ မှိန်းများ၊ ဂျင်ကလိ များဖြင့် နေအိမ်များ၊ လမ်းများနှင့် ကျောင်းအစရှိသည့် နေရာအသီးသီးမှ ပစ်ခတ်ခြင်းတို့ကို ပိုမို ဆောင်ရွက်လာခဲ့ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခြင်း၊ လုံခြုံရေးယာဉ်များ  ထိခိုက်ပျက် စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများမှာ ငြိမ်းချမ်း စွာဆန္ဒပြခြင်း မဟုတ်ဘဲ CDM လှုပ်ရှားမှုကို အကြောင်းပြု၍ အကြမ်းဖက် ဆူပူမှု (Riot) အဖြစ် ရောက်ရှိစေရေး၊   ၎င်းမှတစ်ဆင့် မင်းမဲ့စရိုက် ဆန်သော လူအုပ်စု(Anarchy Mob) အသွင် ရောက်ရှိ လာစေရေး ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော် ဆောင်ရွက်လာခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အသက် အန္တရာယ်ကို ထိခိုက်စေသည် အထိ အကြမ်းဖက်မှုများ ဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဖြေရှင်း ဆောင်ရွက်မှုများကို ဥပဒေ နှင့်အညီ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း များ အတိုင်း စနစ်တကျ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပြီး မင်းမဲ့စရိုက်ဆန်သည့် အပြုအမူများ အဆင့်သို့ မရောက်ရှိစေရေး ဆူပူအကြမ်းဖက် ဆန္ဒပြမှု (Riot)ကို မလွှဲမရှောင်သာ ဆောင်ရွက် ထိန်းသိမ်း ခဲ့ခြင်း သာဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါအတိုင်းကြားသိ ရပါသည်-

''ခရိုင်ရဲတပ်ဖွဲ့မှူး နှင့်အတူ ကျွန်တော် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဘက်ကို လိုက်သွားပါတယ်။ ကျွန်တော် တို့ကား ရောက်ပြီးတော့ လူအုပ်ထဲ ဆင်းသွားပါတယ်။ လူအုပ်ကနေပြီး ကျွန်တော်တို့ လာလို့မရ အောင်လို့ ပိတ်ဆို့ထားပါတယ်။ ပိတ်ဆို့လိုက်တော့ ကျွန်တော်တို့ လူအုပ်ကြားထဲကို ရောက်သွားတယ်။ သူတို့ ဘက်ကနေပြီးတော့ ကျွန်တော်တို့ကို ကားတွေနဲ့ ကန့်လန့်ဖြတ် ပိတ်ထားတယ်။ နောက်ပီ ပါပုံးတွေ၊ သံဆူး ကြိုးတွေ၊  တွန်းလှည်းတွေ  အများကြီးပဲ ဝင်းနံရံတွေ၊ ကပ်တွေနဲ့ ပိတ်ထားတယ်။ အဲဒါနဲ့ လမ်းကြီးတစ်ခုလုံးကို ပိတ်လိုက် တယ်။ အဲဒီချိန်မှာ ကျွန်တော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးကနေ  ပုဒ်မ (၁၄၄) ထုတ်ပြန် ထားတယ်။ မပိတ်ဆို့ ဖို့ဆိုပြီး အရင်ဆုံးပြောတယ်။ ပြောပြီး ခင်ဗျားတို့ ဆန္ဒပြလို့ရပါတယ်။ ဆန္ဒပြတာကို ကျွန်တော်တို့ ဘာမှဖြိုခွဲမှုတွေမရှိဘူး၊ ခင်ဗျားတို့ ဆန္ဒကိုအေးဆေးပြပါ။ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်ငန်းနဲ့လာတာ ဖြစ်တယ်။ ရဲတပ်ဖွဲ့မှူးက Hand Speaker နဲ့ ကြေညာပါတယ်။ လူ အုပ်က အဲဒါကို မနာခံဘဲနဲ့ ကျွန်တော်တို့ အဖွဲ့ကို ထပ်ပြီးဝိုင်းဝန်း ပိတ်ဆို့ပြီး အတားအဆီး အကာအရံတွေနဲ့ လုပ်လိုက်တယ်။

အတားအဆီးအကာအရံတွေ  လုပ်လိုက်တဲ့အချိန်မှာ ရဲတပ်ရင်းအဖွဲ့တွေက လာပြီးပူးပေါင်းတယ်။ အဲဒါနဲ့ ရဲတပ်ရင်း အဖွဲ့တွေ လာလို့မရအောင်လို့  တွဲကားကြီးတွေနဲ့ ကန့်လန့်ဖြတ်ပိတ်လိုက်တယ်။ ပိတ်ပြီးလမ်း ပေါ်မှာ သံဆူးကြိုးတွေ ချတယ်။ ပြီးတော့ ပုလင်းတွေကို ရိုက်ခွဲပြီးတော့ ပုလင်းတွေနဲ့ ပိတ်ပြီးတော့ ထောင် လိုက်တယ်။ ပီပါပုံးတွေ တန်းစီပြီးလမ်းကြီးနှစ်ဖက်လုံးပိတ်လိုက်တယ်။ ကျွန်တော်တို့အဖွဲ့က အလယ်ကောင်မှာ ပိတ်မိသွားတယ်။ လမ်းပိတ်မိတဲ့ အချိန် လူအုပ်ထဲ ရောက်နေတဲ့အချိန်မှာ ထပ်ညှိသေးတယ်။ ညှိမရတဲ့အဆုံးမှာ ကျွန်တော်တို့ကို ပိတ်ပြီးတော့ သူတို့ကစပြီးတော့ လေးခွနဲ့ ပစ်တယ်။ အဲဒါနဲ့ ကျွန်တော်တို့က ဒိုင်း နဲ့ကာတယ်။ အဲဒီအထိ ကျွန်တော်တို့ဘာမှ မလုပ်ဘဲနေတယ်။ နောက်ပိုင်းကျတော့ ဘေးကနေ ပတ်ပတ်လည်ကနေ ကျွန်တော်တို့ အဖွဲ့ထဲကို  ဂျင်ကလိတွေ လည်းပါတယ်။ လေးခွ၊ ပုလင်း၊ ကုန်းသီးတွေနဲ့ လှမ်းပစ်တယ်။  လူအုပ်ကြီးက ကျားထိုးပြီး ကျွန်တော်တို့ကို ဝိုင်းပြီးနှောင့်ယှက်တဲ့အချိန်မှာ မရတော့တဲ့ အဆုံးမှာ ဒိုင်းတွေနဲ့ ကာတယ်။ ဒိုင်းတွေနဲ့ ကာပြီး လူအုပ်ကြားထဲ တွန်းတိုးပြီးတော့ အဖွဲ့တွေနဲ့  သွားပေါင်းပါတယ်။ သွား ပေါင်းတဲ့ အချိန်မှာ ကျွန်တော့်မျက်နှာကို ကုန်းသီးလို ဟာမျိုးလာမှန်တယ်။ နောက် ကျောကိုလည်း အုတ်နီခဲတွေ ပိတ်မှန်သွားတဲ့ အချိန်မှာ ဒိုင်းနဲ့ပြန်ကာ ပြီးတော့ ကျွန်တော် တို့အဖွဲ့တွေ ပြန်ဆွဲထုတ်ပြီး  ကျွန်တော်တို့ ဟိုဘက် ကို သွားပေါင်းပါတယ်။ အဲဒါတွေ ကြောင့်  ဒီဒဏ်ရာတွေ  ရရှိခဲ့တာဖြစ်ပါတယ်''ဟု  ဒဏ်ရာရ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ 

''ဘေးကနေ ခဲတွေ၊ တုတ်တွေနဲ့ပစ်တယ်။ ကျွန်တော်တို့ ရောက်ရောက်ချင်းမှာပဲ အရှေ့မှာ ဆန္ဒပြတဲ့ လူတွေက ပိတ်ဆို့ထားတယ်။ ဒီဘက်မှာလည်း အနောက်ဘက်မှာ ဆန္ဒပြ ပြည်သူတွေက ပိတ်ဆို့ထားတယ်။ ပြည်သူ ထဲမှာ အမျိုးသမီးငယ်တွေ၊ ကလေးတွေပါ တယ်။ ခဲတွေ၊ အုတ်နီခဲတွေနဲ့ ပစ်တယ်။

ပြီးရင် လမ်းကြိုလမ်းကြားတွေထဲဝင်သွားတယ်။ ကျွန်တော်တို့ ဘယ်လိုမှတားဆီးလို့ မရဘူး။ သူတို့က ဆန္ဒပြ တာနဲ့ မတူဘူး။ သူတို့က တမင်သက်သက် အကြမ်းဖက် သမားပုံစံဖြစ်လာတယ်။ အကြမ်းဖက်သမား တွေကို ဆန့်ကျင်တဲ့ ပုံစံမျိုးဖြစ်လာတယ်။ ကျွန်တော့်  စိတ်ထဲမှာလည်း  တကယ်မကောင်းဘူး။ ကျွန်တော်တို့က တိုင်းပြည်  တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ သူတို့က တမင်သက်သက် တစ်ဖက် စောင်းနင်း ပြောတာ ဆဲတာတွေက သဘာဝ မကျဘူး။ လက်တွေ့ရင်ဆိုင်နေရတဲ့ ကျွန်တော်တို့ဝန်ထမ်းတွေလည်း ခံစားချက် အပြည့်ရှိပါတယ်။  ဒါတွေက  ပြည်သူပဲ၊ ကိုယ့်ပြည်သူတွေပဲဖြစ်တဲ့အတွက် ဘယ်လုပ်ရက်ပါ့မလဲ။ ဒါပေမဲ့ သူတို့က တအားရိုင်းစိုင်းကြတယ်။ ခဲနဲ့ပစ်ရလောက်အောင် ကျွန်တော်တို့ကို မုန်းတီးနေပြီလား။ ကျွန်တော် လည်းခံစားချက်ရှိတယ်။ တစ်ဖက်စောင်း နင်းပဲပြောနေကြတယ်။ နှစ်ဦးနှစ်ဖက်မျှတ သင့်တယ်လို့ ကျွန်တော် ထင်တယ်။  တစ်ခါ တလေကျရင် သူတို့မှာပဲ မိသားစုရှိတယ်။ ကျွန်တော်တို့မှာ  မိသားစုမရှိတဲ့ ပုံစံမျိုး။ မဖြစ်သင့်ဘူးလို့ထင်တယ်ဗျ။ အဲ့ဒါ တစ်ချက်။ ကျွန်တော်တို့ ရှေ့ကိုဆက်သွားတယ်။  ယာဉ်တန်း ထွက်တော့မယ်။ တည်တည်ငြိမ်ငြိမ်ဖြစ်သွားလို့ ကျွန်တော်တို့ ထွက်ခွာတော့မယ့်အချိန်ကျမှ လမ်းကြိုလမ်း ကြားကနေ အုပ်စုလိုက် တုတ်တွေ၊ ခဲတွေ၊ လေးခွတွေနဲ့ပစ်ကြတယ်။    ဒါတွေဟာ  ဆန္ဒပြတာနဲ့မတူဘူး။ သူတို့ ပြောတဲ့ CDM က ငြိမ်းချမ်းစွာဆန္ဒပြတာ။ ငြိမ်းချမ်းစွာ ဆန္ဒပြတာမဟုတ်ဘဲ ကျွန်တော်တို့ကို ဆဲဆို သွားတယ်။ တံတွေးနဲ့ ထွေးသွားကြတယ်။ ဒါကို ကျွန်တော်တို့သည်းခံပါတယ်။ စည်းမျဉ်းတွေ  စည်းကမ်းတွေ  ဘောင် တွေရှိတယ်။  အဲ့ဒီ  ဘောင်တွေကြားထဲမှာ ကျွန်တော်တို့နေတယ်။ ကျွန်တော်တို့ကို အမိန့်ပေးတဲ့ လူတွေက လည်းရက်စက်တဲ့ လူမျိုးတွေမပါဘူး။ ငြိမ်းချမ်းစွာဆန္ဒပြနေ တဲ့လူတွေရှိတယ်။ တကယ် လိုလိုလားလား ဆန္ဒရှိတဲ့ လူတွေ ကျွန်တော်တို့တွေ့တယ်။

အကြမ်းဖက်တဲ့လူတွေရှိတယ်။ ခဲလုံးတွေနဲ့ ပစ်တယ်။ တချို့ဆိုရင် ဆိုင်ကယ်တွေမှာတပ်တဲ့  ဘောစေ့တွေက  အစပါတယ်။ ဘာနဲ့ ဘယ်လိုပစ်လိုက်မှန်းမသိတဲ့  အလုံး တွေရောက်လာတာ ကျွန်တော့်ကိုထိတယ်။  ဒါက မှန်သောစကားပါ။   တာဝန်ထမ်း ဆောင်နေတဲ့ ဝန်ထမ်းတော်တော်များများထိတယ်။  ဒါပေမဲ့မပြောဘူး။   ရင်ထဲ မျိုသိပ်ထားရတယ်''ဟု ဒဏ်ရာရလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

''ကျွန်တော် ကြုံရာကျပန်း အလုပ်လုပ်ပါတယ်။ အလုပ်လည်း မရှိတော့ အလုပ်ရ မလားလို့ ဂေါဝန် ဆိပ်ကမ်းကို အလုပ်ရှာလာခဲ့တာပါ။ မသွားရ၊ မလာရဆိုတော့ အလုပ်လာရှာတာပါ။ ဒီကိုကုန်တင်၊ ကုန်ချ အလုပ်များ ရှိမလားလို့ သူငယ်ချင်းကိုလာပြီး မေးတာပါ။ သူငယ်ချင်းကို မေးတုန်းရှိသေးတယ်၊ ဒီမှာ လူတွေကနည်းတာ မဟုတ် ဘူး။ ကျွန်တော်လည်း သူငယ်ချင်းကိုထပ်မေးကြည့်တော့ ဘာဖြစ်တာလဲမေးကြည့်တော့၊ သင်္ဘော မထွက်ဖို့ တားနေကြတာတဲ့။ ဒီလို   ဒီလို    လုပ်နေကြတယ်ဆိုတော့ ကျွန်တော်လည်း ဟုတ်လားဆိုပြီး အလုပ် လည်း မရှိဘူးဆိုတော့ နောက်ပြန်ဆုတ် လာတယ်။ နောက်ပြန်ဆုတ်ဖို့လုပ်တော့ လူတွေကတဖြည်းဖြည်းနဲ့ များများလာတယ်။ တဖြည်းဖြည်းနဲ့ အုံလာတယ်။ ရပ်ကွက်ထဲ ကရော တဖြည်းဖြည်းနဲ့ များလာပြီး ရောက်ချ လာတယ်။ တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး ဓားတွေ၊ တုတ်တွေ၊ လေးခွ တွေရောစုံနေတာပဲ။ ကျွန်တော်တို့က ပြန်ဖို့ လုပ်နေတာ ပြန်လို့မရဖြစ်နေတယ်။ သွားလို့ လာလို့မရဘဲ ပိတ်နေတယ်။ ရဲကားတွေပါ  ပိတ်ထားတော့ သွားလို့လာလို့မရဖြစ်နေ တယ်။ ရဲတွေကတော့ ရှင်းတယ်။ ပြန်ဖို့ လူစုခွဲခိုင်းတယ်။ ကိုယ့်အိမ်ကို ပြန်ကြဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ပြန်ကြဖို့ အော်နေတာ ကြားတယ်၊ မြင်နေရတယ်။ ပြန်ကြဖို့ပြော နေတဲ့အချိန်မှာ လူတွေကမရဘူး။ အော် နေတာပဲ။  အဲဒီလိုအော်နေ  လူတွေက ထပ်ရောက်လာလေပဲ။  သက်ဆိုင်ရာ ရဲတွေ ကတော့ပြော နေတာပဲ။ လူတွေကများလာ တော့မရဘူး။ ရဲကားတွေထပ်ရောက်တယ်၊ မရဘူး။ ဆန္ဒပြသူ တွေက ရဲတွေကို ခဲတွေနဲ့ ပါထုလာတယ်။ ခဲတွေနဲ့ထုတာကို သင်္ဘော ဆိပ်ကမ်းက လူကြီးကမြင်တော့ မပစ်ဖို့ သွားတားတယ်။ လူကြီးကပြောလည်း ပြောတုန်းခဏပဲ၊ ပြန်ပစ်တယ်။ လူကြီးတွေနဲ့ ရဲတွေ ထပ်ပြီး စကား ပြောရင်း နောက် ကနေထပ်ပြီး ပြန်ပစ်နေကြတယ်။ လမ်းမပေါ်မှာ  ပုလင်းတွေရော စုံနေတာပါပဲ။ လောက်လေး ခွတွေနဲ့  ပစ်နေကြတယ်။  ရဲတွေက အဲဒီအချိန်မှာ ဘာမှမလုပ်သေးဘူး။ ကားပေါ်ကနေ ရဲတွေက ခင်ဗျားတို့ အေးအေး ဆေးဆေးပြန်တော့လို့ ပြောတယ်။

တချို့ဆို ဂျင်ကလိတွေတောင်ပါတယ်။  ရပ်ကွက်ထဲကနေ ထပ်ထွက်လာပြီး လောက် လေးခွတွေနဲ့ ထပ်ထုနေ တယ်။ ရဲတွေ တော်တော်များများထိခိုက်တယ်ပြောတယ်။  ကျွန်တော်တွေ့တာကတော့ ရဲတစ်ယောက်ဆို ထိခိုက် မိတာ တော်တော်ဆိုးလောက်တယ်။ ခေါင်းကွဲပြီး လမ်းမပေါ်မှာ မှောက်နေတယ်။ ဘာနဲ့ထုတာလဲတော့ မသိဘူး။ ကျွန်တော်မြင်တာကတော့ ပုလင်းနဲ့ ပစ်တာ လို့ထင်တယ်။ ခေါင်းကွဲတော့ အဲဒီရဲက တော်တော် ဆိုးမယ်လို့ ထင်တယ်။ သေမလား၊ ရှင်မလားမသိဘူး။ ကျွန်တော်လည်း  အဲဒီ သတင်းကိုစောင့်နေတာ။ တော်တော်များတယ် ရဲတွေထိခိုက်တာ ဘာလို့လဲဆိုတော့ နောက်ပိုင်းမှ ပစ်တာဆိုတော့များတယ်။ နောက်က ရပ်ကွက်ကနေ ပစ်တာဆိုတော့ အရှေ့ကားတွေက အဲဒီလောက်မဆိုးဘူး။ နောက်ကားတွေက  ရဲတွေက တော့တော် တော်ထိခိုက်မိလောက်တယ်''  ဟု ကျပန်း လုပ်ကိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

''ပထမအဖွဲ့ကိုဝန်းရံပြီး လူအုပ်ကြီးကနေ ဝိုင်းထားတယ်လို့ ကျွန်တော်တို့က သတင်းရတဲ့ အတွက် ယခင်ရှိ နေတဲ့ လမ်းမ ကြီးပေါ်က မန္တလေးတိုင်းဒေသကြီးအဖွဲ့ကအကူအညီတောင်းလို့ သွားတဲ့အခါမှာ ကျွန်တော်တို့ ကားတွေကို လမ်းမကြီးကနေ စောင့်ပြီး ဖန်ခွက်တွေ၊ အုတ်ခဲတွေ၊ ကုန်းသီးတွေ၊ ဂျင်ကလိတွေနဲ့ ပစ်ပေါက်ကြ တယ်။ ပစ်ပေါက်နေတဲ့ကြားက ကျွန်တော် တို့က လူအုပ်ကြီးထဲကိုအတင်းတိုးဝင်သွား တဲ့အတွက် လူအုပ်ကြီး ထဲကို ရောက်သွားတယ်။ လူအုပ်ကြီးထဲကို ရောက်သွားတဲ့အခါ ကျွန်တော်တို့က ထပ်ပြီးတော့ ညှိနှိုင်းတယ်။ ပြန်ဖြေရှင်းတယ်။   ဒါပေမဲ့  ဖြေရှင်းလို့မရဘူး။ သူတို့ ဘက်ကနေပြီး အေးအေးချမ်းချမ်း ဆန္ဒပြနေ တာနဲ့ မတူဘဲ အကြမ်းဖက်ဆန္ဒပြ တဲ့ ပုံစံမျိုးတွေနဲ့ ကျွန်တော်တို့ဘက်ကို တုတ်တွေ၊ ခဲတွေ၊ သူတို့ အသုံးပြုလို့ ရတဲ့ ပစ္စည်း တွေနဲ့ လှမ်းပေါက်ကြတယ်။ နောက်ဆုံး ကျွန်တော်တို့ ညှိနှိုင်းလို့ မရတော့တဲ့အတွက် ကျွန်တော်တို့ အဖွဲ့က ဒိုင်းတွေနဲ့ ပြန်ကာပြီးတော့ လူအုပ်ကြီးအထဲကနေ ပြန်ပြီးဖောက် ထွက်တဲ့အခါ သူတို့ ဘက်က ပစ်လိုက်တဲ့ခဲလုံး ကခြေထောက်ကိုမှန်ပြီးတော့ အခုလိုဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်''ဟု ဒဏ်ရာရ လုံခြုံရေး  ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။