(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်)
လူတိုင်းနေ့စဉ်နေထိုင်စားသောက် လှုပ်ရှားနေရသောဘဝတွင် စိတ်ကောင်းထားတတ်ဖို့ လိုအပ်သည်။ စိတ်ကောင်းထားခြင်း ဆိုသည်မှာ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ကောင်းမှုကိုဆောင်ရွက်ခြင်း၊ မိမိစိတ်ကို ဖြူစင်အောင်ထားခြင်းတို့ ဖြစ်သည်။ ထိုစိတ်ထားရှိရန်မှာ မေတ္တာတရားဖြစ်သည်။ မေတ္တာပို့သခြင်းသည် မိမိ၊ သူတစ်ပါးကို အေးချမ်းသောစိတ်ကို ဖြစ်စေသကဲ့သို့ မိမိစိတ်သည်လည်း အေးချမ်းပါသည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက်သော လူသားအချင်းချင်း မေတ္တာတရားရှေ့ထားကြမည်ဆိုလျှင် ခိုက်ရန်ဖြစ်ပွားမှု၊ အငြင်းပွားမှု ဆိုသည်များ ရှိလိမ့်မည် မဟုတ်ပေ။
မေတ္တာပို့သခြင်းသည် ကောင်းမွန်သောအလုပ် ဖြစ်ပေသည်။ မေတ္တာသည် စိမ့်စမ်းရေကဲ့သို့ ကြည်လင်အေးမြလှပါသည်။ ဤကမ္ဘာလောက၌ မေတ္တာတရားများ လွှမ်းမိုးနေမည်ဆိုလျှင် ကပ်သုံးပါးဟု ဆိုအပ်သော ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း ဖြစ်ပေါ်လာသော ဒုဗ္ဘိက္ခန္တရကပ်၊ လက်နက်ဘေးကြောင့် ပျက်စီးခြင်း ဖြစ်ပေါ်လာသော သတ္ထန္တရကပ်၊ အနာရောဂါ နှိပ်စက်ဘေးကြောင့် ပျက်စီးခြင်း ဖြစ်ပေါ်လာသော ရောဂန္တရကပ်တို့မှ ကင်းဝေးလွတ်မြောက်မည် ဖြစ်သည်။
ယနေ့ကမ္ဘာကြီးတွင်ဗုဒ္ဓဘာသာဝင်သူတော်စင်များကဲ့သို့ တစ်ဦးအပေါ် တစ်ဦးမေတ္တာထားနိုင်လျှင် ဤကမ္ဘာကြီးသည် ပျော်စရာအတိ ဖြစ်ပေလိမ့်မည်။ လူအချင်းချင်းခိုက်ရန် ဖြစ်ပွားခြင်းမရှိဘဲ ချစ်ခင်ခြင်း၊ ကြင်နာခြင်းများဖြင့် ပြည့်လျှမ်းနေပေမည်။ မေတ္တာတရားသည် လူသားတိုင်းနှင့်ဆိုင်သော အကျင့်စိတ်ထားဖြစ်သည်။ မေတ္တာဟူသည် ပွားများရသော ဘာဝနာတရားဖြစ်သည်။ ကိုးပါးသီလ ခံယူဆောက်တည်ရာတွင် ကိုးပါးမြောက်ဖြစ်သော သီလသည် မေတ္တာသဟဂတေန စေတသာဖြစ်သည်။ မေတ္တာနှင့်တကွဖြစ်သောစိတ်ဖြင့် အလုံးစုံသောသတ္တဝါတို့အပေါ်၌ ပျံ့နှံ့၍ နေထိုင်ခြင်းကို ကောင်းစွာ ဆောက်တည်ပါမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
မေတ္တာ ဘာဝနာသည် သူတစ်ပါးကောင်းစေလိုသော စိတ်ကို အဖန်ဖန်အထပ်ထပ်ဖြစ်ပွားအောင် ပြုလုပ်ပေးခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ပေးခြင်းသည် မေတ္တာဘာဝနာမေတ္တာပို့သည်မည်ပါသည်။ သတ္တဝါတို့အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါးပွားများ၍ ဖြစ်စေနေခြင်းသည် မြင့်မြတ်သောနေခြင်းဖြစ်၍ ဗြဟ္မဝိဟာရ ဟုခေါ်သည်။ ထိုသို့ပွားများခြင်းသည် မြင့်မြတ်သော အကျင့်ဖြစ်သောကြောင့် ဗြဟ္မစိုရ်ဟုခေါ်ပါသည်။
မေတ္တာဆိုသည်မှာ ဒေါသ၏ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ် သတ္တဝါပညတ်ကို အာရုံပြုကာ ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ စသည်ဖြင့် သတ္တဝါတို့၏ ကြီးပွားချမ်းသာမှုကို လိုလားတောင့်တသော အဒေါသစေတသိက်ကိုပင် မေတ္တာဟုခေါ်ပါသည်။ မိမိမေတ္တာပို့မည့်သူကို ဓာတ်ပုံရိုက်သကဲ့သို့ ခြေဆုံး၊ ခေါင်းဆုံးတစ်ကိုယ်လုံး ထင်မြင်အောင် အာရုံယူလျက်၊ စိတ်ကိုညွှတ်လျက် ချမ်းသာပါစေ၊ ဘေးရန်ကင်းပါစေ ဟူသော မေတ္တာဘာဝနာစိတ်ကို ထိုသူ့ထံသို့ ရောက်အောင်ပို့လွှတ်ခြင်း၊ ဖြန့်ကြက်ခြင်းကို မေတ္တာပို့သည်ဟု ခေါ်ဆိုသည်။ မေတ္တာဓာတ်ကို ထပ်တလဲလဲ ဇွဲသန်သန်ဖြင့် တစ်ကြိမ်လျှင် အနည်းဆုံး ၁၅ မိနစ်၊ နာရီဝက်ခန့် ပို့သပွားများရမည် ဖြစ်ကြောင်း ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်တွင် ဖော်ပြထားသည်။
အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍ ဟိမဝန္တာအနီး တောအုပ်ကြီးတစ်ခုသို့ ဝင်ကာ သစ်ပင်ရင်းတို့၌ တရားအားထုတ်နေကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် သစ်ပင်ရှိနတ်များ မနေဝံ့ကြဘဲ ရှောင်နေကြရသည်။ တစ်နေ့ပြန်နိုး၊ တစ်နေ့ပြန်နိုးနှင့် စောင့်နေခဲ့ကြရာ မပြန်တော့မည်ကို သိ၍ ရဟန်းတော်များ မနေဝံ့အောင် ခြောက်လှန့်ကြတော့သည်။ ရဟန်းတော်တို့သည် တရားဖြောင့်ဖြောင့် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်များ ချောက်ချား၍ ဘုရားရှင်ထံ ပြန်သွားကြပြီး အကြောင်းစုံ လျှောက်ထားကြလေသည်။ ဘုရားရှင်က ဤ “မေတ္တသုတ်တော်”ကို ကမ္မဋ္ဌာန်းအလို့ငှာ လည်းကောင်း၊ အကာအကွယ်အရံ အတားအလို့ ငှာလည်းကောင်း ရွတ်ဖတ်ပွားများရန် ရဟန်းတို့အား သင်ကြားပေးတော်မူ၍ မိမိတို့နေခဲ့ရင်း တောအုပ်သို့ပင် ပြန်စေတော်မူခဲ့သည်။
ရဟန်းတို့လည်း နေရင်းဌာနတောအုပ်သို့ ပြန်သွား၍ မေတ္တသုတ်တော်ကို ရွတ်ဆိုပွားများကြရာ နတ်များက ချစ်မြတ်နိုးကြပြီး ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်စောင့်ရှောက်ကြလေသည်။ ရဟန်းတော်များလည်း မေတ္တာကို အခြေခံကာ ဝိပဿနာပွားများသဖြင့် ရဟန္တာအဖြစ်သို့ ရောက်ရှိကြလေသည်။ မေတ္တာတရား၏ အနှစ်ချုပ်မှာ သူ့အပေါ်မှာ ကိုယ်က အသိအမှတ်ပြုကာ ပြုံးပြုံးရွှင်ရွှင် ဆက်ဆံသည့်အခါ သူကလည်း မိမိအပေါ် ပြုံးပြုံးရွှင်ရွှင် ပြန်လည်ဆက်ဆံခြင်း ဖြစ်သည်။ လူမှုကိစ္စတွင်ပေါ်ပေါက်လာသော ပြဿနာမှာ ကိုယ်ကမေတ္တာထားပါလျက် သူ့ဆီက မေတ္တာပြန်လည် မရှိခြင်းမျိုးကြောင့် ဖြစ်သည်။ ထိုပြဿနာမျိုးမှကင်းဝေးစေရန် မေတ္တာရှေ့ထား ရေးသားလိုက်ရပေသည်။ ။
မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ မြန်မာ့ထွက်ကုန်တင်ပို့မှုပမာဏ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ ခြောက်သန်း အထိရှိ
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ စ၍ အခွန်ကင်းလွတ်ခွင့်ပြုလိုက်သည့် အတွက် ယခုလနောက်ပိုင်းကာလအတွင်း မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံသို့ မြန်မာ့ ထွက်ကုန်တင်ပို့မှု ပမာဏ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းမှ ခြောက်သန်း အထိရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။
“ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေ တင်ပို့တာ များပါတယ်။ ထိုင်းနိုင်ငံက ပြောင်းအခွန်ကင်းလွတ်ခွင့်ကို ဖေဖော်ဝါရီ ၁ ရက်ကနေ စပေးတာဖြစ်တဲ့ အတွက် မြဝတီဘက်မှာတော့ ပြောင်းကို အချိန်ပေးပြီး တင်ပို့နေပါတယ်။ အရင်လတွေထက် ဒီလမှာ ပို့ကုန်တင်ပို့မှု ပိုသွက်နေပါတယ်။ ပို့ကုန်ပိုင်းမှာလည်း တစ်ရက်ကို ယာဉ်အစီးရေ ၄၀၀ ကျော် ဖြတ်သန်းနေပါတယ်။ သွင်းကုန်ကလည်း အရင်လို ယာဉ်အစီးရေ ၃၀၀ နီးပါး မဟုတ်တာတောင် ယာဉ်အစီးရေ ၁၀၀ လောက်ရှိပါတယ်”ဟု ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်စိုး စိုးလှိုင်ကပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်နှင့် အညီ ဖေဖော်ဝါရီ ၁ ရက်မှစ၍ မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှတစ်ဆင့် ပြောင်းတင်သွင်းခွင့်ကို အခွန်ကင်းလွတ်ခွင့် ပေးလိုက်သည့် အတွက် လက်ရှိတွင် ပြောင်းတင်သွင်းမှုကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုး(ဧရာဝတီ)