တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များ၌ ဈေးများ၊ စတိုးဆိုင်ခန်းများ ပုံမှန်အတိုင်း ရောင်း/ဝယ် ဖောက်ကား လျက်ရှိ၊ မြန်မာ့ စီးပွားရေးဘဏ်များနှင့် ဘဏ်ခွဲအသီးသီးတို့၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင် လစာများ အဆင်ပြေ ချောမွေ့စွာ ထုတ်ပေးလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၂

ဖေဖော်ဝါရီ ၂ဝ ရက်နှင့်   ၂၁ ရက်နေ့များမှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  မြို့နယ်များ၌  ဖေဖော် ဝါရီ ၂၂ ရက်တွင် ဈေးများ၊  စတိုးဆိုင်ခန်းများ အားလုံးဖွင့်လှစ် ရောင်းချခြင်းမပြုရန် ခြိမ်းခြောက်အကျပ် ကိုင်သည့် ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ပါသည်။

ထိုသို့ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့တွင် နိုင်ငံ တစ်ဝန်းလုံး မြို့နယ်အသီးသီးရှိ ဈေးများ၊ စတိုးဆိုင်ခန်းများမှာ မိမိတို့၏ မိသားစု စားဝတ်နေရေးအတွက် ပုံမှန်အတိုင်း  အေးချမ်းစွာရောင်းဝယ် ဖောက်ကားလျက်ရှိကြသည်။

ထို့ပြင် မြန်မာ့စီးပွားရေး ဘဏ်များနှင့် ဘဏ်ခွဲများတွင် ပင်စင်လာရောက်ထုတ်ယူ ကြမည့် အငြိမ်းစားဝန် ထမ်းများ လွယ်ကူ ချောမွေ့စွာထုတ်ယူနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာ ဘဏ်များ၌ လုံခြုံရေး များဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ ပင်စင်လခစားအငြိမ်းစား ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ လာရောက် ထုတ်ယူ လျက်ရှိကြောင်း  သိရှိရသည်။

အငြိမ်းစားဝန်ထမ်းများ အနေဖြင့် ပင်စင် လစာများ လစဉ် ၂၁ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်း အစား လစဉ် ၂၁ ရက် နောက်ပိုင်း ဘဏ်ဖွင့်သည့်ရက်များ တွင်ထုတ်ယူခြင်း၊ Mobile  Money စနစ် အသုံးပြု၍ နီးစပ်ရာ Mobile  Agent များတွင်ထုတ်ယူခြင်း တို့ကို အဆင်ပြေစွာ ထုတ်ယူနိုင်ကြောင်း သိရသည်။

ယနေ့တွင် အငြိမ်းစား ပင်စင်လခများ လာရောက်ထုတ်ယူသူများ၏ စကားသံများကိုလည်း ယခုလိုကြားသိခဲ့ရ ပါသည်-

 ''ယခင်တုန်းက ကျွန်တော်တို့က ကိုဗစ်စည်းကမ်းချက်တွေကိုပဲ အထူးအလေးထားပြီး လိုက်နာတယ်။ ဒီအခြေ အနေမှာ ကိုဗစ် စည်းကမ်းချက်တွေ အပြင်ကို လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုပါ အထူးဂရုပြုပြီး ဆောင်ရွက် ကြ တာပေါ့။  Social   media တွေမှာရော ပြင်ပကောလာဟလ တွေမှာရော  ဘဏ်တွေပိတ်မယ်။ ဘဏ်တွေမှာ ပိုက်ဆံ ထုတ်လို့မရဘူး။ ဘဏ်တွေမှာ ပိုက်ဆံမရှိ တော့ဘူးဆိုတဲ့ ကောလာဟလတွေပေါင်းစုံ  ထွက်နေ တာပေါ့။ ဒီကောလာဟလတွေကို မယုံဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော် တို့မြန်မာ့စီးပွားရေး ဘဏ် အသီးသီးက လည်း ဒေသအသီးသီးမှာ  ဘဏ္ဍာငွေ အလုံအလောက်ဖြည့်တင်းပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပင်စင် လစာတွ ေရော တပ်ရင်းတပ်ဖွဲ့ အသီးသီးရဲ့လစာတွေရော၊ ဌာနဆိုင်ရာ အသီးသီးရဲ့ ဝန်ထမ်းတွေအတွက် ဝန်ထမ်း လစာ ထုတ်ပေးဖို့ လုံလုံလောက်လောက် ဖူဖူလုံလုံ ဖြည့်တင်းပြီး ဖြစ်ပါတယ်။ အဲဒီအတွက်လည်း စိုးရိမ်ကြောင့် ကြမှု မရှိဘဲ မိမိတို့ လစဉ် ဆောင်ရွက်နေတဲ့ အတိုင်း ပုံမှန် ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့ အကြောင်းကို အသိပေး ပြောကြားလိုပါတယ်'' ဟု မြန်မာ့ စီးပွားရေး ဘဏ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

''ကျွန်တော်က လစဉ်လတိုင်း ပင်စင်လစာကို လာပြီး ထုတ်နေကြပါ။ အခုဒီလလည်း ပုံမှန်အတိုင်းပါပဲ။ လစာ ထုတ်ရတာ အဆင်လည်းပြေခဲ့ပါတယ်။ ဘာတစ်ခုမှ အခက်အခဲ မရှိခဲ့ပါဘူး။ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို အခုလိုချီးမြှင့်တဲ့ အနေအထားမှာ ကိုယ့် မိသားစုဝင် အနေနဲ့ အားလုံးအဆင်ပြေပါတယ်။ အဲဒီမှာလည်း တတ်နိုင် သရွေ့ဆို သလို တပ်မတော်ကလည်း မိသားစုတွေကို ကိုဗစ်ကာလအတွင်းမှာလာရောက်ပြီးတော့  ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့အမယ်လေးမျိုး ကိုလည်း လာရောက်ပြီးဝေငှတာလုပ်ပေး ပါတယ်။ အခုဒီနေ့ဆိုရင်လည်း ပင်စင်ထုတ် ရမှာ တချို့အခက်အခဲ ရှိမယ်လို့ ထင်ပေမယ့် ကျွန်တော်တို့အတွက်တော့ အခက်အခဲမဟုတ်ပါဘူး။ အားလုံး အဆင်ပြေခဲ့ပါ တယ်''ဟု ပင်စင်လစာလာရောက်ထုတ်ယူ သူတစ်ဦးကပြောသည်။

''ကျွန်တော်တို့ကို ဘာမှနှောင့်ယှက်မှု မရှိပါဘူး။ အကုန်လုံး အစစအရာရာအဆင် ပြေပါတယ်။ တခြားပင်စင်စား တွေလည်း ဘာမှ စိုးရိမ်ကြောင့်ကြမှု မရှိဘဲ ဘဏ်မှာလာရောက် ထုတ်ယူလို့ရပါတယ်''ဟု ပင်စင် လာရောက် ထုတ်ယူသူ တစ်ဦးက   ပြောသည်။