(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်)
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အရေးသုံးပါးသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးကြီးစွာ စောင့်ထိန်းကာကွယ်ရမည့် အချက်များဖြစ်သည်။ ထိုအရေးသုံးပါးသည် မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းတစ်ရာကျော် စုစည်းနေထိုင်သောနိုင်ငံအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြည်ထောင်စုစနစ် ကျင့်သုံးသော နိုင်ငံတိုင်းတွင်လည်း ထိုအရေးသုံးပါးကို စောင့်ထိန်းလျက်ရှိကြသည်။ မည်သည့်နိုင်ငံကမျှ သူ့နိုင်ငံကိုပြိုကွဲစေချင်မည် မဟုတ်သကဲ့သို့ မိမိနိုင်ငံကို တိုင်းတစ်ပါးက လာရောက်အုပ်ချုပ်မှုမျိုးကိုလည်း လက်ခံမည်မဟုတ်ပေ။
အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားတို့သည် မြန်မာနိုင်ငံကို တစည်းတလုံးတည်း စုစည်း တည်ထောင်နိုင်ခဲ့ကြသည်မှာလည်း အရေးသုံးပါးအတိုင်း ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။
၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၃ တွင် နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည် (က)ပြည်ထောင်စုမပြိုကွဲရေး၊ (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူ၍ အထူးတလည် သတ်မှတ်ပြဋ္ဌာန်းထားရှိသည်။ တပ်မတော်အနေဖြင့်မူ အဆိုပါအရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသော အဖွဲ့အစည်း ဖြစ်ပေသည်။
ထို့ကြောင့် တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်များအဖြစ် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ထာဝရချစ်ကြည်ရေးကိုသာ လုပ်ဆောင်လျက်ရှိသည်။ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်များတွင်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အညီ နေထိုင်လျက်ရှိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးရေး အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးများကိုသာ လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံခြားရေးမူဝါဒ ကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးရာ မူဝါဒကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။ အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် ပဋိညာဉ်စာချုပ်များ၊ ကတိကဝတ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံနိုင်သည့် ကိစ္စရပ်များ အားလုံးကိုလည်း အလေးထားပြီး လေးစားလိုက်နာသွားရန် ဖြစ်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် နိုင်ငံတကာရေပိုင်နက်များနှင့် ဆက်ဆံနေရခြင်းရှိကြောင်း၊ ထို့ကြောင့် ရေပြင်ပိုင်နက်များစနစ်တကျရှိစေရန်နှင့် ရေပြင်ပိုင်နက်ဆိုင်ရာ သဘောတူညီချက်များကိုလည်း အမြန်ပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရေပြင်ပိုင်နက်လုံခြုံရေးများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးရာ မူဝါဒကို ထင်ထင်ရှားရှား ဖော်ပြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုကို အစဉ်အမြဲ တည်ဆောက်လျက်ရှိပြီး နိုင်ငံအတွင်း လူမှုရေး၊ စီးပွားရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံများကို ကြိုဆိုလျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ အနှောင်အဖွဲ့ကင်းသည့် ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အကျိုးရှိမည်ဆိုပါက အားပေးမည်ဟု နိုင်ငံခြားရေးရာ မူဝါဒကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ လုပ်ဆောင်မှုများအပေါ် နိုင်ငံတကာမှ အပြုသဘောဆောင်သည့် သဘောထားများကြား သိနေရသည်။ စေတနာမှန်သော လုပ်ဆောင်ချက်များသည် အများပြည်သူကို ကောင်းကျိုးပြုမည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင် တုံ့ဆိုင်းနေသော နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြားသိရသည်မှာ ဝမ်းမြောက်ဖွယ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။