အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် စုပေါင်း သန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများအား ရပ်ဆိုင်းထားရှိရာမှ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့်ထိန်းသိမ်း စောင့်ရှောက်မှုများ ကို ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဟိုပန်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ကောင်းကော်)၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမ်းမြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ မန်အောင်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)များ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းများနှင့် အခြေခံပညာမူလတန်း ကျောင်းများ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဘုရင့်နောင်)တို့၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝင်းများအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် စာသင်ဆေင်များအတွင်း၊ အပြင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ပေးသည်။

 ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။