သတင်းမီဒီယာဆိုသည်မှာ သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖြန့်ချိခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ ရုပ်သံကိန်းဂဏန်း၊ အချက်အလက်၊ ရုပ်ပုံဒီဇိုင်း စသည့်အသွင်သဏ္ဌာန်များအသုံးပြုကာ ပုံနှိပ်မီဒီယာ၊ ရုပ်သံလွှင့်မီဒီယာ၊ အယ်ဒီတာတာဝန်ယူမှု ရှိသော အင်တာနက်မီဒီယာ သို့မဟုတ် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့် အများပြည်သူဆိုင်ရာ ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများကို ဆိုသည်။ သတင်းမီဒီယာသမား ဆိုသည်မှာ သတင်းမီဒီယာနှင့် စပ်လျဉ်းသော လုပ်ငန်းတစ်ရပ်ရပ် လုပ်ကိုင်သူကို ဆိုခြင်းဖြစ်သည်။
သတင်းမီဒီယာ သမားများအတွက် သတင်းမီဒီယာဥပဒေကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ထိုဥပဒေထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားထုတ်ဝေ ဖြန့်ချိခွင့်ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်၊ သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန် ဟူသော အချက်များပါ ရှိလေသည်။
စတုတ္ထမဏ္ဍိုင်ဟူ၍ သတ်မှတ်ရခြင်းမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော မဏ္ဍိုင်သုံးရပ်၏ နောက်တွင် စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
တာဝန်နှင့်ကျင့်ဝတ်ဆိုသောစကားရပ်တွင် တာဝန်မှာ ဆောင်ရွက်ရန် အမှုကိစ္စ၊ ဝတ္တရားဖြစ်ပြီး ကျင့်ဝတ်မှာ လိုက်နာစောင့်ထိန်းအပ်သော ဝတ္တရားဖြစ်သည်။ သတင်းမီဒီယာ သမားတစ်ဦးသည် သတင်းတိုင်း အချက်အလက် တိကျမှန်ကန်စေရန်နှင့် တတ်နိုင်သမျှပြည့်စုံရန် စိစစ်ခြင်း၊ တိကျမှန်ကန်မှု မရှိသောသတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက ပုံနှိပ်မီဒီယာဖြစ်လျှင် ပြင်ဆင်ချက်ကို ထင်ရှားသောစာမျက်နှာ၌လည်းကောင်း၊ အခြားမီဒီယာဖြစ်လျှင် အနီးစပ်ဆုံး အချိန်၌ လည်းကောင်း အမြန်ဆုံး ဖော်ပြခြင်း၊ တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့် စပ်လျဉ်း၍ သတင်းဖော်ပြရာတွင် တရားရုံးကပြစ်မှု ထင်ရှားစီရင်ခြင်း မပြုသမျှ ကာလပတ်လုံးတရားစွဲဆို ခံရသူအား အပြစ်ကင်းစင်သူအဖြစ်မှတ်ယူခြင်းနှင့် တရားရုံးအားမထီမဲ့မြင်ပြုရာ ရောက်သော သတင်းဝေဖန်ချက်မျိုးကို ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း စသည်တို့သည် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ ဖြစ်ပေသည်။
သတင်းဓာတ်ပုံနှင့်အရုပ်၊ အသံများ ဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ်အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ သတင်းဝေဖန်ချက်၊ အာဘော်နှင့် ဆောင်းပါးရေးသားခြင်းမှ တစ်ပါးသတင်း ရေးသားသူ၏ ထင်မြင်ယူဆချက်၊ အာဘော်လုံးဝမပါ ရှိစေခြင်း၊ တစ်ပါးသူပိုင်ဆိုင်သည့် ဉာဏဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊ အများပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း တို့သည်လည်း လိုက်နာရမည့် အချက်များ ဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးသတင်းမီဒီယာကို ပြပါဆိုလျှင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ပြရပေလိမ့်မည်။ နှစ်ပေါင်း (၇၅)နှစ်သက်တမ်းသို့ တိုင်ခဲ့ပြီဖြစ်သော မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း မီဒီယာသည် သမိုင်းအစဉ်အလာ ကြီးမားသောဌာနကြီး ဖြစ်သည်နှင့်အညီ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ အိမ်စောင့်အစိုးရနှင့် တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်မှသည် ယနေ့ခေတ် ကာလအထိ တိုင်အောင် ခေတ်အဆက်ဆက် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် တာဝန်များကို ကျေပွန်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၅ ရက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အခမ်းအနား၌ အမှာစကားပြောကြားရာတွင် “မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ကို သာမက လူတို့၏စိတ်နှလုံးကိုတက်ကြွအောင် (Motivation) လုပ်ပေးနိုင်ခဲ့ကြောင်း၊ မီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သဖြင့် အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး မှန်မှန်ကန်ကန်ဖြစ်ရန် လိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှုကို မထိခိုက်စေရန်လည်း ဂရုပြုရမည်ဖြစ်ကြောင်း၊ သတင်းနှင့်ပတ်သက်လာပါက မြန်ရမည်၊ မှန်ရမည်ဖြစ်ပြီး အကျိုးရှိမည့် သတင်းများကို တင်ဆက်နိုင်ရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ဤသည်မှာ စတုတ္ထမဏ္ဍိုင်ခိုင်မာ စေရေးအတွက် ဖြစ်ပါကြောင်း ထပ်ညွှန်းရေးသား လိုက်ရပေသည်။ ။