အေးချမ်းစွာနေထိုင်သွားလာလျက်ရှိသော ပြည်သူတစ်ဦးအား အနာတရဖြစ်စေရန် ဆောင်ရွက်
နေပြည်တော်၊ မတ် - ၃
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ရှိသကဲ့သို့ နိုင်ငံတော် အစိုးရအား နည်းမျိုးစုံဖြင့် ဆန့်ကျင်ရေးဆောင်ရွက်လျက်ရှိသော အစုအဖွဲ့များက မင်းမဲ့စရိုက် ဆန်သော လူအုပ်စု (Anarchy Mob) အသွင်ဖြင့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် အေးချမ်းစွာနေထိုင်သွားလာလျက်ရှိသော ပြည်သူများကိုလည်း အကြောင်းအမျိုးမျိုးပြကာ အုပ်စုဖွဲ့ပြီး ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိရာ အေးချမ်းစွာနေထိုင်သော ပြည်သူတစ်ဦးအား အနာတရဖြစ်စေရန်နှင့် လူဂုဏ်သိက္ခာ ကျဆင်းစေမည့် တတ်တူးများ မျက်နှာပြင်တွင် ထိုးခြင်းတို့ကို ကိုယ်ထိလက်ရောက် ဆောင်ရွက် ခဲ့ပြီး ထိုသို့ဆောင်ရွက်မှုကို ဖြေကြားနေသည့် ဗီဒီယိုဖိုင် ၁ ခုကို လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက် ရှိသည်။
၎င်းအပြင် အခြားမြို့နယ်များအချို့တွင်လည်း CDM တွင် ပါဝင်ခြင်းမရှိသော နိုင်ငံဝန်ထမ်းကောင်းများကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းပေးများဟု စွပ်စွဲခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက်အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ကတုံးတုံးခြင်း၊ မျက်ခုံးမွှေးရိတ်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေမည့် စာများချိတ်ဆွဲ၍ လှည့်လည် စေခြင်းစသည့် မင်းမဲ့စရိုက်ဆန်ဆန်ပြုမူဆောင်ရွက်ခြင်းမျိုး ပြုလုပ် လျက်ရှိသည်။
ထိုသို့ အေးချမ်းစွာနေထိုင်သွားလာလျက်ရှိသော ပြည်သူများနှင့် နိုင်ငံဝန်ထမ်း ကောင်းများကို ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် ဒီမိုကရေစီကျင့်ဝတ်အပေါ် ကျူးလွန် ဖောက်ပျက်သည့်အပြင် ဥပဒေမဲ့လုပ်ရပ် ဖြစ်ကြောင်းနှင့် ထိုသို့ ဆောင်ရွက်နေမှုများအပေါ် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများက ရွံ့ရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။