နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ နေရာဒေသ၊ လုပ်ငန်းတိတိကျကျကို မူလစတင်စဉ်ကပင် အကြိမ်ကြိမ် သုံးသပ် ဆောင်ရွက် ခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်း ပြောကြား

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီမှ တာဝန်ရှိသူက ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေး လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသား စာကြည့်တိုက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက် အစီရင်ခံစာပါမူ နှင့်အခြေခံသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့်အခြေခံ သဘော ဆွေးနွေးခြင်းများအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်က နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း တင်ပြသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍နေရာဒေသ၊ လုပ်ငန်းတိတိကျကျကို မူလစတင်စဉ်ကပင် အကြိမ်ကြိမ်သုံးသပ် ဆောင်ရွက် ခဲ့ကြောင်း၊ အကယ်၍ လုပ်ငန်း၊ ဒေသတိတိကျကျ ဖော်ပြနိုင်ပါကလည်း ယခုကဲ့သို့ တင်ပြလျာ ထားမှုလိုအပ်ချက်မရှိဘဲ မူလလုပ်ငန်းစီမံကိန်းတွင် လျာထားနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရသော ဒေသများတွင် များသောအားဖြင့် ရာသီဥတု ကန့်သတ်ချက်၊ လုံခြုံရေးကန့်သတ်ချက်၊ ခရီးလမ်း၊ ဆက်သွယ်ရေး၊ သွားလာရေး ကန့်သတ်ချက်များ များပြားပြီး ဆောင်ရွက်ရသည့် လုပ်ငန်းများသည်လည်း တန်ဖိုးနည်းသော လုပ်ငန်းများဖြစ်ခြင်း၊ ဓလေ့ ထုံးတမ်း၊ ဘာသာစကား အစရှိသော အခက်အခဲများဖြင့် မိမိတို့တိုင်းရင်းသားများ အဓိက လိုအပ်သော အခြေခံအဆောက်အဦ၊ လူမှုစီးပွားဘဝ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်း။

နှစ်အလိုက် ဘဏ္ဍာငွေလျာထားရာတွင် ခွဲဝေလျာထားပေးသော ဘဏ္ဍာငွေပေါ် ချင့်ချိန်၍ ဝန်ကြီးဌာန ၏ နှစ်အလိုက်စီမံကိန်းများ၊ လွှတ်တော်ကတိကဝတ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တင်ပြချက်များ၊ တိုင်းရင်းသား ပြည်သူလူထုနှင့် ဒေသခံ အဖွဲ့အစည်းများ၏ တင်ပြချက်များအပေါ်မူတည်၍ လုပ်ငန်းအမျိုးအစား၊ နေရာဒေသ၊ စီမံကိန်း တန်ဖိုးများကို တန်ဖိုး နည်းသတ်မှတ်နှုန်းထားများအတိုင်း တွက်ချက်တင်ပြ တောင်းခံခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် ဆောင်ရွက်သော ယာဉ်၊ မီး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် အခြား လိုအပ်ချက်များကို စီမံကိန်းရေးဆွဲစဉ်ကပင် သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ရေးဆွဲခဲ့သလို အခြားဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရန်ညှိနှိုင်း လာသည့်အချိန်တွင်လည်း လုပ်ငန်း များကိုဆောင်ရွက်ပေးလျက်ရှိကြောင်း။

ငြိမ်းချမ်းရေးအတွက် တည်ဆောက်မှု လုပ်ငန်းများ ရန်ပုံငွေဖြင့် ဆောင်ရွက်ရသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ငွေလုံးငွေရင်း အသုံးစရိတ်များ သုံးစွဲသည့်နည်းတူ အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်း ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ နှစ်စဉ်ဆောင်ရွက်လျက် ရှိကြောင်း။

ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် လန်းတောင်အုပ်စုနှင့် မကပ်မုံကျေးရွာလမ်း ၂ မိုင်အတွက် ငွေ ကျပ် ၉၃ ဒသမ ၉၆ သန်းအပါ ပူတာအိုမြို့နယ် လန်းတောင်အုပ်စုနှင့် မကပ်မုံကျေးရွာလမ်း ၂ မိုင်အတွက် ငွေကျပ် ၉၃ ဒသမ ၉၆ သန်းဟု ပြင်ဆင်ပေးပါရန်နှင့် ပတ်သက်သည့် တင်ပြခြင်းအား ပြန်လည်စိစစ်ရာ မချမ်းဘော့မြို့နယ်အစား ပူတာအိုမြို့နယ်ဟုပြင်ဆင်ခြင်းသည် မှန်ကန်ကြောင်းနှင့် လက်ခံသဘောတူကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအဖွဲ့၏ ညှိနှိုင်းချက် အရ ပင်လည်ဘူး-ဗန်းမောက်လမ်းပိုင်း ၅၉ မိုင် ၄ ဖာလုံအနက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဆောင် ရွက်မည့် ၄၂ မိုင်အား ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးနိုင်ရေးကို ပြည်ထောင်စု အစိုးရသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ၎င်းလမ်းတံတား တည်ဆောက်ရေးနှင့် ပတ်သက်၍ စီမံကိန်း လုပ်ငန်းများ၊ ရငွေသုံးငွေများစိစစ်ရေး ပူးပေါင်းအဖွဲ့(၅)မှ စိစစ်ချိန်တွင် ဗန်းမောက် ပင်လည်ဘူး လမ်း ၄၂ မိုင်အား ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်းအဖြစ် လွှဲပြောင်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေး ထားပြီ ဖြစ်သောကြောင့် ငြင်းပယ်ရခြင်းဖြစ်ကြောင်း၊ ဗန်းမောက်-ပင်လည်ဘူးလမ်းပေါ်ရှိချောင်းကြီး အဝေရာ ဘေလီတံတား ပေ ၂ဝဝ တစ်စင်းအတွက် ငွေကျပ် ၄၇၃ သန်းရန်ပုံငွေ ငြင်းပယ်ခြင်းအစား မူလအတိုင်း ခွင့်ပြုရန် ဆွေးနွေးချက်အပေါ် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကန့်ကွက်ရန်မရှိကြောင်းနှင့် သဘောတူပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို သြဂုတ် ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။