ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်အတွင်း အလှဆင်ထားသည့် မြင်းလှည်းများဖြင့် လည်ပတ်နိုင် မည့် ခရီးစဉ်ဖော်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သန်လျင်မြို့နယ် အုတ်ဖိုစုရပ်ကွက် မြင်းလှည်း ချစ်သူများအသင်းမှ ဦးခင်မောင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။
သန်လျင်မြို့နယ်အတွင်း ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်အပါအဝင် သွားရောက် လည်ပတ်နိုင် မည့် နေရာများစွာရှိ ပြီး ယင်းနေရာများသို့ သွားရောက် လည်ပတ်ရာတွင် မြင်းလှည်းများဖြင့် ပို့ဆောင် သည့်ခရီးစဉ်ဖော်ဆောင်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိတွင် မြင်းလှည်း မောင်းနှင်သူ နည်းပါး သွားသည့်အတွက် မြို့နယ်အတွင်း ကျန်ရှိသည့်မြင်းလှည်း မောင်းသူများနှင့် ချိတ်ဆက်လျက်ရှိသည်။ ယင်းအစီအစဉ်ကို ပြီးခဲ့သည့် ငါးနှစ်ခန့်က အကောင်အထည်ဖော်ခဲ့ရာ ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစား စီးနင်းမှု များပြားခဲ့သော်လည်း နောက်ပိုင်းတွင် တခြားသော လုပ်ငန်းများ ပြောင်းရွှေ့ လုပ်ကိုင်ခြင်းများကြောင့် မြင်းလှည်းမောင်းသူများ ရှားပါးလာပြီး မြင်းလှည်းများ မပပျောက်စေရန်နှင့် မြင်းလှည်းမောင်းသူများ ဝင်ငွေတိုးပွားစေရန်လည်း ရည်ရွယ် ဖော်ဆောင်ရန် စီစဉ်နေခြင်းဖြစ်သည်။
''အခုနောက်ပိုင်းမှာ မြင်းလှည်းတွေ အတော်လေးရှားလာတယ်။ မြင်းမွေးသူ တွေတော့ရှိနေသေး တယ်။ အခုမြို့နယ်အတွင်းက မြင်းပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီး ဒီအစီအစဉ်ကို လုပ်ဖို့စီစဉ်ဖြစ်တာပါ။ သူ တို့ကလည်း သဘောတူကြတယ်။ အခု သက်ဆိုင်ရာကိုတင်ပြပြီး အကောင်အထည် ဖော်ဖို့လုပ်နေ တယ်။ ပွင့်လင်းရာသီမှာ စတင်နိုင်မယ်ထင်ပါတယ်'' ဟု ဦးခင်မောင်ဝင်းက ပြောသည်။
သန်လျင်မြို့နယ်အတွင်း ရှေးဟောင်း သမိုင်းဝင်စေတီများ၊ ပေါ်တူဂီလက်ရာ အဆောက်အအုံများ၊ သမိုင်းဝင် ပုဂ္ဂိုလ်များ၏ ဂူဗိမာန်များနှင့် သဘာဝအလှအပများ ရှိနေသည့်နေရာများစွာတည်ရှိနေရာ သွားရောက် လည်ပတ်လိုသူများအား မြင်းလှည်းဖြင့် လိုက်ပါပို့ဆောင်ပေးမည်ဖြစ်သည်။ ယင်းခရီးစဉ် တွင် သွားရောက်သည့် နေရာပေါ်မူတည်၍ ဝန်ဆောင်ခသတ်မှတ် နိုင်ရေးကိုလည်း ထည့်သွင်းစီစဉ် လျက်ရှိကြောင်း သိရသည်။