ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ အတွင်း ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေး ဆိုင်ရာစံသတ်မှတ်ချက် (Standard Operating Procedure-SOP) နှင့်အညီ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ် နေရာများအတွက် ဆန္ဒမဲပေးခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန် ရှိသူများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက သရုပ်ပြမဲရုံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (Standard Operating Procedure-SOP) နှင့်အညီ မဲဆန္ဒရှင်များအားMask တပ်ဆင်စေခြင်း၊ Mask မပါရှိသူများ အား Mask ထုတ်ပေးခြင်း၊ Hand Gel ဖြင့် လက်သန့်စင်ခြင်း၊ မဲဆန္ဒရှင်များ သတ်မှတ် Social Distancing (တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ)နှင့်အညီ တန်းစီစေခြင်း၊ မဲရုံအဝင်တွင် မဲဆန္ဒရှင် တစ်ဦး ချင်းအား အပူချိန်တိုင်းတာခြင်း၊ အပူချိန်မြင့်မားသည့် မဲဆန္ဒရှင်များအား သီးသန့်အစီအစဉ်ဖြင့် မဲပေး စေခြင်း စသည့်လုပ်ငန်းစဉ်တို့ကို ကော်မရှင်ရုံးမှ ဝန်ထမ်းများက သရုပ်ပြဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက လိုအပ် သည်များကို အကြံပြုဆွေးနွေးကြကြောင်း သတင်းရရှိသည်။