မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီး ဌာန (ရေအရင်းအမြစ်)မှ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နှစ်စဉ် မိုးသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးလျက်ရှိရာမှ ယခုနှစ်တွင် မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်း အမှတ်(၂) ရေတင်စခန်း(ကုန်းရွာ)နှင့် အမှတ်(၃) ရေတင်စခန်း(ခင်ကြီး) တို့ဖြင့် ဇူလိုင် ၁ ရက်မှ စတင်၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းရွာ၊ ညောင်အုပ်ဖီး၊ ညောင်ပင်သာ-ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၁ဝ ရွာမှ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။
အဆိုပါ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင် စီမံကိန်းဖြင့် မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိရာ ယနေ့ အထိမိုးစပါးစိုက်ဧက ၁ဝ၃၆ ဧကစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည်။ ယခုနှစ်တွင် မိုးစပါးစိုက်ဧက ၂၂၉၇ ဧက နှင့် အခြားသီးနှံစိုက်ဧက ၄ဝ၃ ဧကတို့ကို စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိရာ ၎င်းလျာထားချက် များအားပြည့်မီရေးစီမံဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အေးထံမှ သိရသည်။