ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးနှင့် သက်ဆိုင်သည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2)၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို ချုပ်ဆိုနိုင်ခဲ့သည်။

အစည်းအဝေးအပြီးတွင် အစိုးရအစု အဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေး၊ နိုင်ငံရေး ပါတီအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အစု အဖွဲ့မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် နိုင်အောင်မငေးတို့က ညီလာခံနှင့် သက်ဆိုင်သည့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည်။

ယနေ့ကျင်းပသည့် ညီလာခံနှင့်စပ်လျဉ်း၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် နိုင်အောင်မငေးက ''ဒီနေ့ ညီလာခံ တတိယနေ့မှာ ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း (၃)ကို အောင်မြင်စွာ ချုပ်ဆို နိုင်ခဲ့တယ်။ အပိုင်းတစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement- NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်မှာ ၁၅ ချက်ရှိတယ်။ အပိုင်းနှစ်မှာဆိုရင် ၂ဝ၂ဝ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများမှာ ဇယား(၁)ကို ရရှိတယ်။ အပိုင်းသုံးမှာဆိုရင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (၅)ချက်ရရှိပါတယ်'' ဟုပြောကြားသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက အစိုးရအနေဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ''အစိုးရပိုင်း အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(၃)ရပ်ကို ဖော်ဆောင်ပါမယ်။ ညီလာခံဖွင့်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ဖော်ပြောထားတာ ရှိပါတယ်။ ပထမလုပ်ငန်းစဉ်ကတော့ Ceasefire (အပစ်အ ခတ်ရပ်စဲရေး)မှာ နံပါတ်(၁)ကတော့ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ Ceasefire Agreement (အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်)တွေ ရအောင်လုပ်မယ်။ ပြီးရင် NCA စာချုပ်ပါ နိုင်ငံရေး စားပွဲဝိုင်းကို ရအောင်လုပ်မယ်။

နံပါတ်(၂) အချက်ကတော့ ကျွန်တော်တို့ NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ Ceasefire ပိုပြီး ခိုင်မာအောင်လုပ်မယ်။ နောက် Ceasefire Monitoring (အပစ်အခတ်ရပ်စဲရေး စောင့်ကြည့် လေ့လာ ခြင်း)ကို ခိုင်မာအောင်လုပ်မယ်။ Bilateral တွေသွားမယ်။ NCAအခန်း(၃)၊ အခန်း(၄) ဒီကိစ္စတွေကို ခိုင်မာအောင်လုပ်မယ်။ နံပါတ်(၃)အချက်က လွှတ်တော်ဘက်က ဥပဒေပြဋ္ဌာန်းတာတွေ၊ အစိုးရပိုင်းက အမျိုးသားတန်းတူရေး၊ တိုင်းရင်းသားအခွင့်အရေး မြှင့်တင်ရေး ကိစ္စတွေကို ဟန်ချက်ညီဖော်ဆောင် မယ်။ ဒါက ပထမလုပ်ငန်းစဉ်ဖြစ်ပါတယ်။''

''ဒုတိယလုပ်ငန်းစဉ်ကတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) (Union Accord Part-3) မှာ ဆက်လက်ဆွေးနွေးဖို့အရာတွေ ကျန်ရှိပါတယ်။ အပိုင်း(၃)မှာ ပါရှိတဲ့ လမ်းညွှန်အခြေခံမူ ထဲမှာရှိတဲ့ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေး ကိစ္စတွေ ဆက်ပြီးဆွေးနွေးရမှာ ဖြစ်ပါတယ်။ နောက် အချက်ကတော့ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍနဲ့ အခွင့်အာဏာ ကိစ္စဆက်ဆွေးနွေးရမှာဖြစ်ပါတယ်။ နံပါတ်(၂) အချက်က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ် အပိုင်း(၃)နဲ့အညီ ဆက်ပြီးတော့ ပြင်ဆင်သွားဖို့၊ နံပါတ်(၃)အချက်က ပြည်ထောင်စု သဘောတူစာချုပ် အကောင်အထည်ဖော်တဲ့ ယန္တရားနဲ့ လုံခြုံရေးဆိုင်ရာပြန်လည် ပေါင်းစည်းခြင်း အကောင်အထည်ဖော် တဲ့ယန္တရားကို ဟန်ချက်ညီဆောင်ရွက်ဖို့ဆိုတာ ဒုတိယလုပ်ငန်းစဉ်မှာ ပါပါတယ်။''

''တတိယလုပ်ငန်းစဉ်ကတော့ ပထမလုပ်ငန်းစဉ်နဲ့ ဒုတိယလုပ်ငန်းစဉ်မှာ ပါဝင်တဲ့အချက်တွေကို ဆောင်ရွက်တဲ့အခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်တဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဆက်ပြီးတော့ ဆွေးနွေးတဲ့အခါ ဇယား(၂)ကို ကျွန်တော်တို့ကရပြီဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပြည်နယ်တွေရဲ့ကိုယ်ပိုင် Constitution တွေ ရေးဆွဲရေးကို ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲ့ဒီလို ညှိနှိုင်းတဲ့အခါ ဒီကနေ့မိန့်ခွန်းမှာ ပါတဲ့အတိုင်း ဥပမာ-နိုင်ငံရေးပိုင်းမှာ ဘယ်အချက်ကို ရောက်ပြီဆိုရင် လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းမှုက ဘယ်အခြေအနေ လုပ်ရမယ်ဆိုတာမျိုး နိုင်ငံရေးနဲ့လုံခြုံရေးကိုသတ်မှတ်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်''ဟု ဖြေကြားသည်။

အစိုးရနှင့် NCA-S EAO ကိုယ်စားလှယ်များသည် လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့ တွင် JMC-U အစည်းအဝေး၊ JMC-S အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက်ဆွေးနွေးရန် ကျန်ရှိနေသည်များကိုလည်း ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ဘာတွေ ဆက်လုပ်မှာလဲဆိုတဲ့ သဘောတူညီချက်တွေရှိတယ်။

ဥပမာအားဖြင့် စက်တင်ဘာလ ဒုတိယပတ်ဆိုရင် ကျွန်တော်တို့ JMC-U အစည်းအဝေးတွေ ခေါ်ယူ ဖို့ရှိပါတယ်။ စက်တင်ဘာလနောက်ဆုံးပတ်ဆိုရင် JMC-S အစည်းအဝေးတွေခေါ်ယူဖို့ရှိပါတယ်။ စက် တင်ဘာလ နောက်ဆုံးပတ်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာတော့ ကျွန်တော်တို့ နှစ်ဖက်အလုပ်အဖွဲ့ တွေကြားမှာ ဆွေးနွေးဖို့ ကျန်ရှိနေတာတွေကို ဆက်လက်ဆွေးနွေးဖို့ပါ။ နောက်တစ်ချက်ကတော့ မူဘောင်အရ လုပ်ထားတဲ့ Dialogue Structure ပုံစံကို နှစ်ဖက်ပြန်ဆွေးနွေးဖို့ ရှိပါတယ်။ တစ်ဖက်က တော့နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖြစ်ပါတယ်။

အခုက ရွေးကောက်ပွဲရှိနေတော့ နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးတဲ့အချိန်လောက်တော့ ပြန်လည်တွေ့ဆုံဖို့ အချိန်ရပါတယ်။ အဲ့ဒီအချိန်ဆို EAO တွေနဲ့ ကျွန်တော်တို့က တော်တော်များများတွေ့ပြီး ဖြစ်နေ လောက်ပါပြီ'' ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ၁၆ ရက်နေ့ကစတင်၍ ကိုဗစ်-၁၉ Positive လူနာတွေ့ရှိခဲ့ပြီး ယနေ့တွင် ၁၉ ဦးအထိရှိလာပြီဖြစ်သည်။ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးဇော်ဌေးက ''ရခိုင်ပြည်နယ် စစ်တွေမှာ သြဂုတ် ၁၆ ရက်နေ့ကစပြီး ကိုဗစ်-၁၉ ပိုးတွေ့သူတစ်ဦးရှိတယ်။ ၁၉ ရက်နေ့မှာ သုံးယောက်တွေ့တယ်။ ၂ဝ ရက်နေ့မနက်မှာ နှစ်ယောက်တွေ့တယ်။ ညမှာသုံးယောက် တွေ့တယ်။ ဒီမနက်မှာ ၁ဝ ဦးတွေ့တယ်။ စုစုပေါင်းပိုးတွေ့တာ ၁၉ ဦးရှိပါပြီ။ အဓိကပြောချင်တာက AA အပါအဝင်ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ကပ်ရောဂါ ကျရောက်တဲ့အချိန်ဖြစ်လာပြီ။ ရခိုင်ပြည်နယ်ကို ကျွန်တော်တို့က တော်တော်လေးကို စိုးရိမ်ပါတယ်။ အစိုးရအနေနဲ့ အလေးထား ပြီးလုပ်နေတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ်မှုတွေကိုလည်း အထူးကြပ်မတ်ပြီး ဆောင်ရွက်နေပါတယ်။ အင်ဒိုနီးရှားမှာ ဆူနာမီဖြစ်တော့ လူအများကြီး ထိခိုက်ဆုံးရှုံးရတယ်။

အဲ့ဒီမှာ ငြိမ်းချမ်းရေးအတွက် ပြန်လည်သင့်မြတ်ရေးရတယ်။ တစ်ခါတည်း ပေါင်းစည်းရေးပါ ရောက် သွားတဲ့ သဘောရှိတယ်။ ရခိုင်ပြည်နယ်မှာ မောင်တောဘက်မှာ အရင်တွေ့ခဲ့တာပါ။ ပေါင်းရင် Positive က ၃၅ ယောက်ရှိနေပြီ။ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအကျိုးအတွက် ဒီကာလ မှာ အကြမ်းဖက်တိုက်ခိုက်တာတွေ၊ ချောင်းမြောင်းတိုက်ခိုက်ဖမ်းဆီးတာတွေ လုပ်ရင်ရင်လူမဆန်တဲ့ လုပ်ရပ်ဖြစ်မယ်။ မလုပ်ဖို့အလေးအနက်ပြောချင်တယ်'' ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ နဲ့ပတ်သက်၍ ဆောင်ရွက်သွားမည့် အခြေအနေနှင့် ပတ်သက်၍ ဦးဇော်ဌေး က ''ရခိုင်ပြည်နယ် စစ်တွေမှာ ကိုဗစ်-၁၉ စတွေ့တဲ့ အမျိုးသမီးကနေစပြီး ကျွန်တော်တို့ ကွင်းဆက်တွေလိုက်နေတယ်။ စစ်တွေဘက်က အချို့နေရာတွေမှာ ငါးဖမ်းစက်လှေထွက်တာရှိတယ်။ နေ့စဉ်ထွက်တယ်။ ပြန်ဝင်လာတယ်။ အဲ့ဒီလိုလူတွေကအများကြီးရှိတယ်။ နောက်တစ်ချက်က အချို့ INGO က အဖွဲ့အစည်းတွေထောက်ပံ့ ကူညီတာတွေရှိတယ်။ အဝင်အထွက်ရှိတဲ့သူတွေ အားလုံးလည်း အခု Quarantine လုပ်ထားတာရှိတယ်။ Outbreak မဖြစ်အောင် ကျွန်တော်တို့လုပ်နေတယ်။ စည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်တွေ ပိုပြီးတော့ လုပ်နေတယ်'' ဟုဖြေကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် AA အဖွဲ့နှင့်ပတ်သက်၍ ဦးဇော်ဌေးက '' AA ကို အကြမ်းဖက် အဖွဲ့အဖြစ်မကြေညာခင်ကတည်းက ကမ်းလှမ်းခဲ့တာဘာလဲဆိုတော့ Official Meeting မတွေ့ချင်ရင်လည်း အလွတ်တွေ့ကြမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာရှိတယ်။ သို့သော် အကြောင်းပြန်မလာ ဘူး။ သူက ဘာပြဿနာဖြစ်နေလဲဆိုတော့ ခေါင်းတွဲနောက်က နောက်တွဲဖြစ်နေတယ်။ သုံးတွဲ၊ လေးတွဲ အတွဲမပျက် သွားနေတဲ့အတွက် သူနဲ့စကားပြောဖို့က အခွင့်မသာဘူး။ အလားတူ သူတို့ကို အကြမ်း ဖက်အဖွဲ့ မကြေညာခင်တုန်းက ကျွန်တော်တို့နဲ့ အလွတ်သဘော တော်တော်ပြောပါတယ်။ သို့သော် သူတို့ကိုယ်တိုင်က ဆန္ဒမရှိဘူး။ အခုကအကြမ်းဖက်အဖွဲ့ ဖြစ်သွားပြီး ခေါင်းတွဲကလည်း ချိတ်ထား သေးတဲ့အတွက်ကွက်ပြီး သီးသန့်ဆွေးနွေးရတဲ့အခါမှာ ကာယကံရှင် အဖွဲ့အစည်းရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့လိုလားချက်က အရေးကြီးတယ်'' ဟု ဖြေကြားခဲ့သည်။