စတုတ္ထကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ တို့အကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့ အတွက် စတုတ္ထအကြိမ် မဏ္ဍိုင်(၄)ရပ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်တင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့နှင့် မြန်မာအမျိုးသမီး သတင်းစာ ဆရာများ အဖွဲ့တို့မှ သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ဆွေးနွေးပွဲတွင် မူလချမှတ် ထားသည့်ရည်ရွယ်ချက်များကို အခြေခံ၍ ကြိုတင်ညှိနှိုင်း အစည်းအဝေးများတွင် ဆွေးနွေးခဲ့ကြသည့် အချက်များ၊ မဏ္ဍိုင်(၃)ရပ်နှင့် ဆွေးနွေးပွဲမှ ပေါ်ပေါက်ခဲ့သည့်အချက် ၆ ချက်၊ သတင်းမီဒီယာများနှင့် ကြိုတင်ညှိနှိုင်း အစည်းအဝေးမှ အချက် ၈ ချက်၊ တတိယအကြိမ်မဏ္ဍိုင်(၄)ရပ်ဆွေးနွေးပွဲမှရရှိခဲ့သည့် ရလဒ်၁၃ ချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က မဏ္ဍိုင်(၄)ရပ် အလုပ်ရုံ ဆွေးနွေးပွဲများသည် ဒီမိုကရေစီနိုင်ငံတစ်ခု၏ ကောင်းမြတ်သည့် လက္ခဏာများဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် သတင်းမီဒီယာသမားများသည် ပြည်သူများ သတင်းအမှန်ရရှိရေးအတွက် အဆိုပါ တာဝန်များကို ထမ်းဆောင်နေကြကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်က နေ့စဉ် ပြည်တွင်း၊ ပြည်ပမီဒီယာအဖွဲ့များက တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံ ဖုန်းဖြင့် မေးမြန်းလျက်ရှိရာ သတင်းမှန်ကန်မှု ရှိ၊မရှိ စိစစ်၍ ပြန်လည်ရှင်းလင်းဖြေကြား ပေးလျက်ရှိ နေပြည်တော် သြဂုတ် ၂၁ စတတု အ္ထ ကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း၊ သတင်းမီဒီယာသမားများ ခွဲခြားဆက်ဆံမှုမရှိ တန်းတူသတင်းရယူနိုင်အောင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို လစဉ်ကျင်းပပြုလုပ် ပေးလျက်ရှိပြီး သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသော သတင်းမီဒီယာသမားများကို အနီးကပ်လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး သတင်းမီဒီယာသမားများ၏ သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည် ဖြေကြားပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့မှ တာဝန်ရှိသူများက သတင်းမီဒီယာသမားများ အနေဖြင့် မဏ္ဍိုင် (၃) ရပ်တွင် သတင်းရယူခြင်းနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး ဆိုင်ရာများ ကို ဆွေးနွေးကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့နှင့် မြန်မာအမျိုးသမီး သတင်းစာဆရာ များ အဖွဲ့တို့မှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးကြပြီး မဏ္ဍိုင် (၃)ရပ်မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် စတုတ္ထအကြိမ်မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးပွဲရလဒ်များကို တက်ရောက် လာကြသူများက အတည်ပြုဆုံးဖြတ်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၌ မဏ္ဍိုင်(၄)ရပ်ကြား သတင်းရယူခြင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာ ကျင့်ဝတ်ကိုအခြေခံသော၊ အပြန်အလှန် လေးစားမှုကိုအခြေခံသော၊ ခွဲခြားမှုမရှိသော ဆက်ဆံရေးအခြေအနေမျိုးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန်၊ သတင်းသမားများ သတင်းရယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များ တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ဆောင်ရွက်ရန်၊ မဏ္ဍိုင်(၄)ရပ် အလုပ်ရုံ ဆွေးနွေးပွဲများတွင် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအလိုက် တစိုက်မတ်မတ် အကောင်အ ထည်ဖော်ဆောင်ရွက်သွားရန်၊ သတင်းဌာနများ၏ Website များအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါက ပိတ်ပင်မှုမခံရစေရေး ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီး/ပြည်နယ် များတွင် သတင်းရယူရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် မီဒီယာများအကြား အဆင်ပြေချောမွေ့မှုရှိစေရေး လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရန်၊ သတင်းရေးသား တင်ဆက်မှုများ နှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ နှင့်အညီ ရှေးဦးစွာအရေးယူ တိုင်ကြားနိုင်ရေး ဆောင်ရွက်ရန်၊ သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်သတင်းမီဒီယာဆိုင်ရာမဏ္ဍိုင်(၄)ရပ် ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ သို့မဟုတ် ကော်မတီဖွဲ့စည်း နိုင်ရေး ဆောင်ရွက်ရန်၊ သတင်းမီဒီယာသမားများ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သက်ဆိုင်ရာ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများက အရေးကြီး၊ အရေးပေါ် အခြေအနေများ တွင် သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်နှင့် ဖြေကြားပေးရန်၊ အွန်လိုင်း မီဒီယာစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ရန်ဟူသည့် အချက် ၁ဝ ချက်ကို အတည်ပြုခဲ့ကြသည်။

မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် ပထမ အကြိမ်၊ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒုတိယအကြိမ်နှင့် ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်တွင် တတိယအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။